ချဲလ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ စျေးကွက် အတွင်း အထောင် တိုက်စစ် နေရာ အတွက် ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူ ကို အင်တာမီလန် အသင်းထံမှ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၉၇.၅ သန်းနဲ့ ခေါ်ယူခဲ့ပြီး ၊ အရန် တိုက်စစ်မှူး ၂ဦး ဖြစ်တဲ့ အိုလီဗီယာ ဂျရူးနဲ့ တမ်မီ အေဘရာဟမ် တို့ကို အသင်းကနေ ထွက်ခွာခွင့် ပေးခဲ့ပါတယ် ။

ပြင်သစ် ဝါရင့် တိုက်စစ်မှူး ဂျရူး ဟာ အေစီမီလန် အသင်းသို့ ယူရို ၂သန်းနဲ့ ပြောင်းရွှေ့ခဲ့ကာ ၊ အကယ်ဒမီထွက် အသက် ၂၄နှစ် အရွယ် ၊ အင်္ဂလန် တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ကတော့ ဟိုဆေး မော်ရင်ဟို ကိုင်တွယ်နေတဲ့ ရိုးမား အသင်းသို့ ပေါင် ၃၄ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ် ။

ချဲလ်ဆီး ဟာ အေဘရာဟမ် ကို ရောင်းချခဲ့ကာ ၊ ပေါင်သန်း ၇၀ ဝန်းကျင်နဲ့ ပြန်လည် ခေါ်ယူခွင့် ကို စာချုပ်ထဲ ထည့်ချုပ်ထားတယ်လို့လည်း အင်္ဂလန် မီဒီယာ အချို့ က ဖော်ပြခဲ့ဖူးပါတယ် ။ အရင်ကလည်း ချဲလ်ဆီး ဟာ အကယ်ဒမီထွက်နဲ့ အငှားထွက် ကစားသမားတွေနဲ့ ပတ်သက်လာရင် ဒီလို စနစ်မျိုး ကျင့်သုံးတတ်ပါတယ် ။

သို့ပေမယ့် ပြန်လည် ခေါ်ယူခွင့် ကို အသက်သွင်းတာမျိုးတော့ ချဲလ်ဆီးတို့ တော်ရုံ မလုပ်တတ်ပေမယ့် ၊ အထောင် တိုက်စစ်မှူး ဆိုတာ အပြောင်းအရွှေ့ စျေးကွက်တိုင်းမှာ ချဲလ်ဆီးနဲ့ အမြဲ ပနံသင့်တဲ့ သတင်း ဖြစ်နေတာကြောင့် ၊ အေဘရာဟမ် သာ စီးရီးအေ မှာ အထူး ခြေစွမ်းပြနိုင်ရင် ၊ အသင်းဟောင်းနဲ့ အပြောင်းအရွှေ့ ကောလဟလတော့ ပြန်ထွက်မှာ သေချာပါတယ် ။

လောလောဆယ် မှာတော့ အေဘရာဟမ် ဟာ ရိုးမား အသင်း အတွက် ပွဲတိုင်းနီးပါး ပွဲထွက် ပါဝင်ထားပေးပြီး ၊ အရေးပါတဲ့ ဂိုးအချို့ သွင်းယူပေးထားပါတယ် ။ ၂၀၁၆ ခုနှစ်မှာ ချဲလ်ဆီး စီနီယာ အသင်းရဲ့ ကစားသမား စာရင်းမှာ စတင် ပါဝင်ခဲ့ဖူးတဲ့ အေဘရာဟမ် ဟာ ယင်း အနောက် လန်ဒန် ကလပ် အသင်း အတွက် ပွဲပေါင်း ၈၂ ပွဲ ကစားပေးခဲ့ကာ ၊ ဂိုး ၃၀ သွင်းယူပေးခဲ့ပါတယ် ။

ချဲလ်ဆီးနဲ့ လီဗာပူး ညာနောက်ခံလူဟောင်း ဂလင်း ဂျွန်ဆင် ကတော့ တိုက်စစ်မှူးတွေနဲ့ ပတ်သက်လာရင် ၊ အပြောင်းအရွှေ့ စျေးကွက်တိုင်းလိုလို အမြဲတမ်း သတင်းဟော့တတ်တဲ့ ချဲလ်ဆီး ဟာ အနာဂတ် တကွေ့ကွေ့မှာ အေဘရာဟမ် ကို ကြေးကြီးပေးပြီး ပြန်လည် ခေါ်ယူခဲ့မယ် ဆိုရင်တောင် သူ အံ့သြမိမှာ မဟုတ်ဘူးလို့ သုံးသပ်ခဲ့ပါတယ် ။

Bettingodds ဝက်ဘ်ဆိုက်နဲ့ တွေ့ဆုံခဲ့ရာမှာ ဂလင်း ဂျွန်ဆင် က ” တမ်မီ အေဘရာဟမ် ဟာ ရိုးမားမှာ ဂိုးတွေ သွင်းယူနေပြီး ၊ ဘောလုံး ကစားရတာ ပြန်ပြီး သဘောကျမှု ရှိလာပါပြီ ။ သူဟာ ရိုးမား အတွက် များစွာ ပေးစွမ်းနိုင်မှု ရှိပါတယ် ။ ပုံမှန်အားဖြင့် အသင်းကြီးတိုင်း ဟာ ဂိုးအမြောက်အမြား သွင်းပေးနိုင်တဲ့ တိုက်စစ်မှူးမျိုးကို အလိုရှိကြပါတယ် ။ ”

” ချဲလ်ဆီး ဟာ အရင်ကတည်းက လူငယ် ကစားသမား ဘဝ မှာ မအောင်မြင်ခဲ့ပေမယ့် ၊ တချိန်ချိန် တောက်ပလာတာနဲ့ ကစားသမားဟောင်းတွေကို ကြေးကြီးပေးပြီး ပြန်ခေါ်ဖို့ ဝန်မလေးတတ်တဲ့ မှတ်တမ်းတွေလည်း တည်ရှိနေပါတယ် ။ ”

” ဒီတော့ အေဘရာဟမ် သာ ဂိုးတွေ ဆက်တိုက် သွင်းပြပြီး ၊ အားရစရာကောင်းတဲ့ စွမ်းဆောင်ရည်မျိုး တောက်လျှောက် ပြသနိုင်မယ် ဆိုရင်တော့ ချဲလ်ဆီး က သူ့ကို ပြန်ခေါ်ဖို့ စိတ်ဝင်စားနိုင်ပါတယ် ။ အခုခေတ်မှာ တိုက်စစ်မှူးကောင်းတွေက ရှားပါးလာပြီ မဟုတ်လားဗျ ။ ”

” အင်္ဂလိပ် လူမျိုး လူငယ် ကစားသမား တယောက် ဖြစ်တာနဲ့ အညီ ကျွန်တော်တို့ဟာ ငယ်ငယ်ကတည်းက ပရီးမီးယားလိဂ်မှာ ကစားဖို့ အိပ်မက်မက်ခဲ့ကြတာပါ ။ ဒီတော့ တနေ့မှာ သူဟာ ပရီးမီးယားလိဂ်မှာ မှတ်တမ်းကောင်း အချို့ ပြန်ပြီး ထူထောင်ဖို့ ပြန်လာမယ်လို့ ကျွန်တော် ယုံကြည်ပါတယ် ။ ”

” ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားမှာလည်း သူဟာ အင်္ဂလန် အသင်းရဲ့ ကစားသမား စာရင်းမှာ ပါဝင်နိုင်မယ်လို့ ကျွန်တော် ထင်ပါတယ် ။ သူဟာ ဒီအတွက် အသက်အရွယ် အရ လုံလောက်မှု ရှိနေပါပြီ ။ သူဟာ တွန်းတွန်းတိုက်တိုက် ကစားနိုင်သလို ၊ ကျွန်တော့ အတွက်တော့ သူဟာ ဂိုးပေါက် ရှေ့မှာ လုံလုံလောက်လောက် စွမ်းဆောင်ပေးနိုင်ပါတယ် ။ ”

” အကယ်၍ ကလပ် အဆင့်မှာသာ သူ ဂိုးသွင်း ပုံစံကောင်းကို ပြသနေဦးမယ် ဆိုရင် သူ့ကို ကျော်ပြီး အခြား တိုက်စစ်မှူး တဦးဦးကို ရွေးချယ်ဖို့ ခက်ခဲမယ် မဟုတ်လား ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

Leave a Comment

Your email address will not be published. Required fields are marked *