ဒေါ်အောင်ဆန်းစုကြည် စီးနင်းခဲ့သော သမိုင်းဝင်ကားကို သိန်း (၅၀၀၀) ဖြင့် လေလံတင်မည်

“ပါတီရန်ပုံငွေ လိုအပ်ချက်ကြောင့် အမေဒေါ်အောင်ဆန်းစုကြည် စီးနင်းခဲ့သော TOYOTA Mark II JZX100 မော်တော်ယာဉ် ကို လေလံတင် ရောင်းချမည်”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် စီးနင်းခဲ့သော TOYOTA Mark II JZX100 အမျိုးအစား မော်တော်ယာဉ်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ တာဝန်ယူထားစဉ်ကထဲက မြန်မာနိုင်ငံတစ်ဝှမ်း လှည့်လည် သွားရောက်ခဲ့ရာတွင် အသုံးပြု ခဲ့သော မော်တော်ယာဉ်ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ရန်ပုံငွေ အတွက် ရည်ရွယ်၍ ရရှိငွေများအား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (ရုံးချုပ်) တည်ဆောက်ရေး လုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်းကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာ ဇော်မြင့်မောင် မှ ပြောကြားခဲ့ပါတယ်။

ရောင်းချမှုကိုတော့ လာမယ့် သြင်္ကန်ပြီးမှာ ဆောင်ရွက်ဖြစ်လိမ့်မည်ဖြစ်ပြီး ကြမ်းခင်းဈေး အနေဖြင့် သိန်း (၅၀၀၀) မှ စတင်သွားဖြစ်ကြောင်းကိုလည်း ဒေါက်တာဇော်မြင့်မောင်မှ ပြောကြားခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးချုပ် (နေပြည်တော်)ကို လွန်ခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ နေပြည်တော်၊ ဒက္ခိဏသီရိ မြို့နယ်ရှိ နိုင်ငံတော်ဂေဟာ အနီး မြေဧက ၂၁ ဧက ပေါ်တွင် ဆောက်လုပ်ရန်အတွက် မြေနေရာရှင်းလင်းရေး လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိကြောင်း လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် စီးနင်းခဲ့သော မော်တော်ယာဉ်ကို ဈေးပြိုင် လေလံစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း သတင်းထွက်ရှိခဲ့ခြင်းဖြစ်ပါတယ်။ ရောင်းချပွဲကိုတော့ နေပြည်တော် MICC 2 ခန်းမတွင် ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။

ကျော်သူရ (လယ်ဝေး)၊ ZN.H (လေးစားမှုဖြင့် ခရက်ဒစ်)