ပရီးမီးယားလိဂ်ပွဲစဉ်များ ပြသခွင့်လိုင်စင် Sky Net ရရှိပြီးနောက် လစဉ်ကြေးတက်

၂၀၁၉-၂၀ အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်များအားလုံး (၃၈ဝ ပွဲ) ကို Sky Net က တစ်ဦးတည်းမူပိုင် (Exclusive Rights) ဖြင့် ပြသခွင့်ရရှိသွားကြောင်း Sky Net က ထုတ်ပြန်လိုက်သည်။

ထို့နောက် SKY NET မှ လစဉ်ကြေးများ တိုးကောက်တော့မည်ဖြစ်ကြောင်း တစ်ဆက်တည်း ကြေညာသွားခဲ့သည်။

ယင်းမှာ အထွေထွေကုန်ကျစရိတ်မြင့်တက်လာခြင်းကြောင့် ယခုကဲ့သို့ မြင့်တက်ရခြင်းဖြစ်သည်ဟု Sky Net မှ ပြန်လည်ရှင်းပြကြောင်း သက်တမ်းသွားရောက်တိုးသူများက ပြောကြားသည်။

Sky Net မှ တိုးမြှင့်ကောက်ခံမည့် လစဉ်ကြေးများမှာ အဝါ Package ဆိုပါက လစဉ်ကြေး ၃၀၀၀ ကျပ်၊ အစိမ်းရောင် Package ဆိုပါက ၇၂၀၀ ကျပ်နှင့် အနီရောင် Package ဆိုပါက ၁၃,၅၀၀ ကျပ်ဖြစ်ကြောင်း၊ သို့သော် သြဂုတ်လ ၁၈ ရက်နေ့မတိုင်မီ ဝယ်ယူသူများနှင့် သက်တမ်းတိုးသူများအနေဖြင့် ယခင်နှုန်းထားဟောင်းများအတိုင်း သက်တမ်းတိုးနိုင်ကြောင်း Sky Net က ထုတ်ပြန်ထားသည်။

“အခုဈေးနှုန်းတွေက လုပ်ငန်းသုံးတွေဆိုရင်တော့ ကိုက်တာပေါ့။ ကျွန်တော်တို့လို အိမ်သုံးတွေအတွက် ကျတော့ မကိုက်ဘူးလေ။ ဘောလုံးပွဲကအဓိက ကြည့်ချင်တာကို တခြားပက်ကေ့တွေကျတော့လည်း ဘောလုံးပွဲက မပါဘူး။ ပါတော့လည်း ဈေးကြီးနေတယ်။ သူတို့ကြေညာချက်မှာလည်း ပရီးမီးယားလိဂ်ပဲပါတယ်။ အဲဒါပဲဆိုရင်တော့ ကြည့်မနေတော့ပါဘူး”ဟု ရွှေပြည်သာမြို့နယ်မှ Sky Net စက်တပ်ဆင်ထားသူတစ်ဦးက ပြောဆိုသည်။

လတ်တလော Sky Net လစဉ်ကြေးကို တစ်လလျှင် ကျပ် ၁၀,၅၀၀ ဖြင့် တစ်လပြီး တစ်လသက်တမ်းတိုး၍ ကြည့်ရှုနိုင်သော်လည်း ယခုကဲ့သို့ ပရီးမီးယားလိဂ်ဘောလုံးပွဲများ ပြသခွင့်ရပါက စည်းကမ်းချက်များ ပြောင်းလဲလေ့ရှိကြောင်း Sky Net တပ်ဆင်ထားသူများက ဆိုသည်။

“အရင်နှစ်တွေတုန်းက ၁၃,၅၀၀ ပဲ။ မနှစ်ကမှ ၁၀,၅၀၀ ကိုလျှော့လိုက်တာ။ ဒီနှစ်မှ ဘာဖြစ်လို့လဲမသိဘူး ပြန်တိုးလိုက်တယ်”ဟု Sky Net တပ်ဆင်ထားသူတစ်ဦးက ပြောဆိုသည်။

ပရီးမီးယာလိဂ်ပွဲစဉ်များပြသခွင့်ကို ယခုနှစ်အတွင်း ပြည်တွင်းရှိ ရုပ်သံချန်နယ်များ အပြိုင်အဆိုင်ရရှိရန် ကြိုးပမ်းခဲ့ကြပြီးနောက် SKY NET က ဘောလုံးရာသီသစ်မစတင်မီ ၆ ရက်အလို(သြဂုတ်လ ၄ ရက်နေ့) တွင် ရရှိသွားခဲ့ခြင်းဖြစ်ကြောင်း ယင်းချန်နယ်၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုဘောလုံးပွဲစဉ်များ ပြည်တွင်း၌တရားဝင်တိုက်ရိုက် Live ထုတ်လွှင့်ပြသခွင့်ရရှိရန်အတွက် နိုင်ငံတကာနှင့်တန်းတူ တင်ဒါအဆင့်ဆင့်ယှဉ်ပြိုင်၍ အစွမ်းကုန်ကြိုးစားရယူခဲ့ရကြောင်း SKY NET ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

SKY NET သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးအနေဖြင့် အင်္ဂလန်ပရီးမီးယားလိဂ်နှင့် တိုက်ရိုက်ချိတ်ဆက်ပြီး ပရီးမီးယားလိဂ်ပွဲစဉ်များအားလုံးကို ၂၀၁၃-၁၄ ဘောလုံးရာသီမှစတင်၍ မြန်မာနိုင်ငံ၌ တရားဝင်ထုတ်လွှင့်ပြသခွင့်ကို ယခုဘောလုံးရာသီအထိ နှစ်စဉ်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ယခုနှစ် အင်္ဂလန်ပရီးမီးယားလိဂ်၏ ပထမဆုံးပွဲစဉ်ကို မြန်မာစံတော်ချိန် နံနက် ၁ နာရီခွဲ (ဗြိတိန်စံတော်ချိန် ညနေ ၇ နာရီ) တွင် လီဗာပူးလ်အသင်းနှင့် နောဝှစ်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

(ယခုဖော်ပြပါသတင်းကို The Voice Daily ၏တရားဝင်ခွင့်ပြုချက်ဖြင့်ဖော်ပြပါသည်။)

Popular Post