ပြီးခဲ့တဲ့ ရက်အနည်းငယ် အတွင်းက ၂၀၂၁ ခုနှစ် အတွက် Ballon D’Or ဆု အတွက် ဆန်ခါတင် ကစားသမား အယောက် ၃၀ စာရင်းကို France Football မှ တရားဝင် ထုတ်ပြန် ကြေညာခဲ့ရာ ၊ ချန်ပီယံလိဂ် ချန်ပီယံ ချဲလ်ဆီးနဲ့ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီး အသင်းတို့က ကစားသမား ၅ဦးစီ ပါဝင် ရွေးချယ်ခံခဲ့ရပါတယ် ။

ထို ဆန်ခါတင် စာရင်းမှာ ပရီးမီးယားလိဂ် ကြယ်ပွင့် အများစု လွှမ်းမိုးခဲ့ပြီး ၊ နာမည်ကျော် စူပါစတားတွေလည်း စုံစုံလင်လင် ပါဝင်ခဲ့ကြပါတယ် ။ သို့ပေမယ့် အချို့သော ဆန်ခါတင် ကစားသမား ရွေးချယ်မှုတွေက အငြင်းပွားဖွယ်ရာ ရှိနေပြီး ၊ ဆန်ခါတင် ဖြစ်လာဖို့ မထိုက်တန်ဘူးလို့ ယူဆနေတာတွေလည်း ရှိနေပါတယ် ။

၂၀၂၁ ခုနှစ် အတွင်းမှာ အသင်းလိုက် အောင်မြင်မှုမှာရော ၊ တဦးချင်း စွမ်းဆောင်ရည်မှာပါ မြင့်မားပေမယ့် ၊ Ballon D’Or ဆန်ခါတင် စာရင်းကို လွဲချော်ခဲ့တဲ့ အထဲမှာ ချဲလ်ဆီး အသင်းရဲ့ ဆီနီဂေါ လက်ရွေးစင် ဂိုးသမား အက်ဒိုဝါ့ဒ် မန်ဒီလည်း တဦး အပါအဝင် ဖြစ်ပါတယ် ။

မန်ဒီ ဟာ ၂၀၂၁ ခုနှစ် အတွင်းမှာ ချဲလ်ဆီး အသင်းနဲ့ အတူ Clean Sheet များစွာ စွမ်းဆောင်ပေးခဲ့ပြီး ၊ ပရီးမီးယားလိဂ်မှာ ဒုတိယမြောက် Clean Sheet အများဆုံး ဂိုးသမား ဖြစ်ခဲသလို ၊ အာဖရိက သမိုင်းမှာ ချန်ပီယံလိဂ် ဖလား ဆွတ်ခူးခဲ့တဲ့ ပထမဆုံး ဂိုးသမား အဖြစ်လည်း မှတ်တမ်း ဝင်ထားပါတယ် ။

သို့ပေမယ့် ယင်း Ballon D’Or ဆန်ခါတင် အယောက် ၃၀ စာရင်း မှာတော့ ဂိုးသမား ဆိုလို အီတလီ လက်ရွေးစင် အသင်းနဲ့ အတူ ယူရို ၂၀၂၀ မှာ အထူး လက်စွမ်းပြခဲ့တဲ့ ပီအက်စ်ဂျီ ဂိုးသမား ဂျီယန်လူဂျီ ဒွန်နာရမ်မာ တဦးတည်းသာ ပါဝင်နေပါတယ် ။

လီဗာပူး အသင်းရဲ့ ဆီနီဂေါ လက်ရွေးစင် တောင်ပံ တိုက်စစ် ကစားသမား ဆာဒီယို မာနေး ကတော့ မနေ့က ကစားခဲ့တဲ့ နမီးဘီးယား အသင်းကို အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အပြီး အင်တာဗျူးမှာ Ballon D’Or ဆု အတွက် ဆန်ခါတင် ကစားသမား အယောက် ၃၀ စာရင်းမှာ ၎င်းနဲ့ တနိုင်ငံတည်းသာ မန်ဒီ မပါဝင်ခဲ့ခြင်း ဟာ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ် ။

မာနေး က ” ဒါဟာ လက်ခံနိုင်စရာ အကြောင်း ဘာမှ မရှိပါဘူး ။ ဒါကို ကျွန်တော် နားမလည်ပါဘူး ။ Ballon D’Or ဆုနဲ့ ပတ်သက်တဲ့ အချို့ အရာတွေကို အကျယ်တဝင့် ရှင်းလင်းပေးဖို့ လိုနေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

အလားတူ ဆီနီဂေါ လက်ရွေးစင် အသင်းဖော် ၊ နာပိုလီ ခံစစ်မှူး ကလီဒူ ကူလီဘာလီ ကလည်း မန်ဒီ ဟာ Ballon D’Or ဆန်ခါတင် စာရင်းမှာ ပါဝင်ခဲ့သင့်ကြောင်း ကို ” အက်ဒူ ဟာ ဒီ အယောက် ၃၀ စာရင်းမှာ မပါဝင်ခဲ့တာ စိတ်ပျက်စရာပါ ။ သူဟာ ချန်ပီယံလိဂ် ဖလား ကို ဆွတ်ခူးခဲ့တဲ့ ပထမဆုံး အာဖရိကန် ဂိုးသမား ဖြစ်ပါတယ် ။ “

” ကျွန်တော်တို့ဟာ အခုထက် ပိုပြီး ပြင်းပြင်းထန်ထန် ကြိုးစားပြရပါမယ် ။ ဒီဆု အတွက် အကဲဖြတ်ပေးမယ့် သူတွေ မြင်စေဖို့ လက်ရှိ လုပ်နေတာထက် ၂ဆ ပိုကြိုးစားပြရပါမယ် ။ အက်ဒူ ဟာ အရမ်း အကောင်းမြင်တတ်သူ တဦးပါ ။ ဒီအကြောင်းကို ကျွန်တော်တို့ အတူ ဆွေးနွေးခဲ့ကြပါသေးတယ် ။ “

” သူကတော့ အောင်မြင်မှုတွေ အတွက် ဆက်လက် ကြိုးစား တိုက်ပွဲဝင်နေဦးမှာပါပဲ ။ ကျွန်တော့ အတွက်တော့ သူဟာ Ballon D’Or ဆန်ခါတင် ကစားသမား အယောက် ၃၀ စာရင်းမှာ ပါဝင်ခဲ့သင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ မန်ဒီ ဟာ Ballon D’Or အတွက် ဆန်ခါတင် စာရင်းမှာ မပါဝင်ခဲ့ပေမယ့် ၊ ဂိုးသမားတွေ အတွက် သီးသန့်ပေးတဲ့ Yachine Trophy ဆု ဆန်ခါတင် စာရင်းမှာတော့ ပါဝင်ခဲ့ပါတယ် ။

SPORTS MYANMAR

Leave a Comment

Your email address will not be published. Required fields are marked *