လိဒ် ယူနိုက်တက် အသင်းရဲ့ ဘရာဇီး ကွင်းလယ် တိုက်စစ် ကစားသမား ရာဖင်ဟာ ရဲ့ အေးဂျင့် ဖြစ်သူ ချဲဆီး နဲ့ ဘာစီလိုနာ ကစားသမားဟောင်းကြီး ဒေကို က လီဗာပူး ဟာ သူ့ကစားသမားကို ခေါ်ယူဖို့ အတွက် ချဉ်းကပ်မှုတွေ ရှိခဲ့တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ရာဖင်ဟာ ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ကမှ ပြင်သစ် ကလပ် ရင်းနက် အသင်းကနေ လိဒ် ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ကြေး ယူရို သန်း 20 ဝန်းကျင် နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး လက်ရှိ အချိန် စုစုပေါင်း 9 ဂိုး သွင်းထားကာ ၊ ဂိုးဖန်တီးမှု 9 ကြိမ် အထိ ပြုလုပ်ပေးထားပါတယ်။ သူ့ရဲ့ အဲဒီလို စွမ်းဆောင်ရည်တွေကြောင့် ဘရာဇီး လက်ရွေးစင် အသင်းမှာ ပထမဆုံး အကြိမ် အရွေးခံခဲ့ရကာ ၊ လက်ရှိ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေမှာလဲ ပါဝင် ကစားပေးလျှက် ရှိနေပါတယ်။

ဥရုဂွေး အသင်းနဲ့ မကစားမီ ဘရာဇီး မီဒီယာ Globo နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာတော့ ဒေကို က ရာဖင်ဟာ ရဲ့ ခြေစွမ်းကို လီဗာပူး က မျက်စိကျနေတဲ့ အကြောင်းကို အခုလိုပဲ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

“ ကျနော့် ကစားသမား ရဲ့ စွမ်းဆောင်ရည်ကို သဘောကျနေတဲ့ ကလပ်တွေ အများကြီး ရှိပါတယ်။ လီဗာပူး ကတော့ တော်တော်လေးကို သဘောကျတာမို့ ချဉ်းကပ်မှုတွေတောင် လုပ်ခဲ့ပါသေးတယ် ၊ ဒါပေမယ့် တရားဝင် အဆင့်တော့ ရောက်မလာခဲ့ပါဘူး။

လိဒ် ယူနိုက်တက် ကလဲ သူ့ကို တရာသီလောက်တော့ ဆက်ပြီး ထိန်းထားချင်သေးတယ်လေ။

ရာဖင်ဟာ ကိုယ်တိုင်ကလဲ လိဒ် မှာ ပျော်နေပါတယ်။ ဒါပေမယ့် ကစားသမားဘ၀ နောက်တဆင့် တက်လှမ်းနိုင်ဖို့ အတွက်တော့ အပြောင်းအလဲတွေ လုပ်ရမယ့် အချိန်တခုကို ရောက်လာဦးမှာပါ။ သူ့ရဲ့ လက်ရှိ စာချုပ် သက်တမ်းက 3 နှစ် ကျန်ပါသေးတယ်။

လက်ရှိ အခြေအနေမှာတော့ သူဟာ လိဒ် ယူနိုက်တက် မှာ ဘယ်လောက်အထိ ဆက်ရှိသွားမလဲ ဆိုတာ ဘာမှ တိတိကျကျ ပြောလို့ မရသေးပါဘူး။ ဒီအကြောင်းကို ကလပ် အသင်းဘက်ကလဲ သတိထားမိနေပါတယ်။

သူ့ ခြေစွမ်းတွေ တိုးတက်နေသမျှတော့ လိဒ် ယူနိုက်တက်ဟာ ဈေးကောင်းကောင်း နဲ့ ကမ်းလှမ်းလာမယ် ဆိုရင် ရောင်းချဖို့ ဆန္ဒရှိလာမှာပါ။

ကစားသမား ကိုယ်တိုင်ကလဲ ပရီးမီးယားလိဂ် မှာ ကစားနေရသည့်တိုင်အောင် ပိုကောင်းတဲ့ အဆင့်တခုမှ ထပ်ပြီး တက်လှမ်းဖို့ ရည်မှန်းထားတယ်လေ။ လောလောဆယ်တော့ အပြောင်းအရွှေ့ အကြောင်းတွေ မပြောချင်သေးပါဘူး။ သူကိုယ်တိုင်ကလဲ ဒီကိစ္စတွေ အပေါ် အာရုံစိုက်နေတာ မဟုတ်ဘူးလေ” လို့ ပြောဆိုသွားခဲ့ ပါတယ်။

လီဗာပူး ဟာ ဝိုင်နယ်ဒမ် ကို ဆုံးရှုံးလိုက်ရတာကြောင့် အဲဒီနေရာ ကို အစားထိုးဖို့ အတွက် ရာဖင်ဟို ကို စောင့်ကြည့်နေခဲ့တာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကလဲ ချန်ဘာလိန် ဟာ ပွဲထွက် ကစားခွင့်နည်းပါးတာကြောင့် အသင်းပြောင်းဖို့ စဉ်းစားလာနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပြန်တာကြောင့် ၊ ရာဖင်ဟာ ကို ဆက်ပြီး စောင့်ကြည့်နေဆဲလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

လီဗာပူး အသင်းရဲ့ ကွင်းလယ် ကစားသမား ၊ ဘရာဇီး လက်ရွေးစင် ကစားဖော် ဖာဘင်ဟို ကတော့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့တုန်းက ရာဖင်ဟာ ဟာ အန်ဖီးကို ရောက်လာလိမ့်မယ်လို့တောင် မျှော်လင့်မိခဲ့တဲ့ အကြောင်း အခုလို ပြောဆိုသွားခဲ့ ပါတယ်။

“ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ လီဗာပူး က ရာဖင်ဟာ ကို စိတ်ဝင်စားနေတဲ့ သတင်းတွေ ထွက်လာတော့ ကျနော်ဖြင့် တကယ် ဖြစ်လာပါစေလို့တောင် မျှော်လင့်မိခဲ့ပါတယ်။ ဒါပေမယ့် သူက လိဒ် မှာပဲ ဆက်ရှိသွားခဲ့တယ်လေ။

လက်ရှိ အချိန်မှာ သူဟာ လိဒ် ယူနိုက်တက် ရဲ့ အကောင်းဆုံး ဘောလုံးသမား ဖြစ်နေပါပြီ။ လိဒ် နဲ့ ရင်ဆိုင် ကစားရမယ့် ပြိုင်ဘက်တိုင်းကလဲ ရာဖင်ဟာ ဟာ အန္တရာယ် အပေးနိုင်ဆုံး ကစားသမား ဆိုတာ သဘောပေါက်ထားကြပါတယ်” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

SPORTS MYANMAR

Leave a Comment

Your email address will not be published. Required fields are marked *