တရုတ်ရေယာဉ်တစ်စီးဟာ ဘင်္ဂလားပင်လယ်အော်က အိန္ဒိယ ရေပိုင်နက်မှာ သီတင်းပတ်အတန်ကြာက သုတေသနလုပ်ငန်းတွေ လုပ်ဆောင်နေခဲ့တာလို့ ပြောပါတယ်။

အိန္ဒိယရေတပ်က ဘင်္ဂလားပင်လယ်အော်က နိုင်ငံရေပိုင်နက်ထဲက အဲဒီ တရုတ်ရေယာဉ်ကို မောင်းထုတ်ခဲ့ရကြောင်း India Today TV က ထုတ်လွှင့်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ သီတင်းပတ်အနည်းငယ်အကြာက ဖြစ်ပွားခဲ့တာ ဖြစ်ပြီး တရုတ်ရေယာဉ် Shi Yan 1 ဟာ ဘဲလားဆိပ်ကမ်းမှာ ခွင့်ပြုချက် မရှိဘဲ သုတေသနလုပ်ငန်းတွေ ဆောင်ရွက်နေခဲ့တာဖြစ်တယ်ဆိုပြီး ရေပိုင်နက်ထဲ ဝင်နေတာကြောင့် ရေတပ်က ထွက်ခွာခိုင်းခဲ့ရတယ်လို့ အဆိုပါ သတင်းက ဖော်ပြပါတယ်။

“ဘယ်သူမဆို ကျွန်တော်တို့ နယ်မြေမှာ လုပ်ငန်းဆောင်တာတွေ လာလုပ်မယ်ဆိုရင် အရင်ဆုံး ကျွန်တော်တို့ကို အသိပေးရမှာ ဖြစ်တယ်။”လို့ အိန္ဒိယ ရေတပ်ဦးစီးချုပ် ကာရမ်ဘားဆင်းချ်က ပြောပါတယ်။

ပို့ဘဲလားမြို့ဟာ အန်ဒါမန်နဲ့ နီကိုဘားကျွန်းစုတွေရဲ့ မြို့တော်ဖြစ်ပြီး ဘင်္ဂလားပင်လယ်အော် တောင်ဖက်စွန်း အိန္ဒိယ ပိုင်နက်ထဲမှာ ရှိတာ ဖြစ်ပါတယ်။ အဆိုပါ ကျွန်းစုတွေဟာ ကမ္ဘာရေကြောင်းသင်္ဘောသွားလာရေး လမ်းကြောင်းနားမှာ ရှိသလို တရုတ်ရဲ့ ဒေသတွင် ရေတပ်အင်အား ကြီးထွားလာတာကို စောင့်ကြည့်ရာအဖြစ် အိန္ဒိယအတွက် မဟာဗျူဟာအရေးပါတဲ့ ရေပိုင်နက်ပဲ ဖြစ်ပါတယ်။

ဒီနှစ်အစောပိုင်းမှာ အိန္ဒိယဟာ အဆိုပါ ကျွန်းစုမှာ အိန္ဒိယသမုဒ္ဒရာအတွင်း တရုတ်ရေယာဉ်အုပ်တွေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်ဖို့ တတိယမြောက်လေတပ်စခန်းကို ဖွင့်လှစ်ခဲ့ပါတယ်။ တရုတ်သင်္ဘောတွေနဲ့ ရေငုပ်သင်္ဘောတွေ ဝင်ရောက်မှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး တရုတ်ကတော့ နိုင်ငံတကာပိုင်နက်မှာပဲ ၎င်းရဲ့ ရေငုပ်သင်္ဘောတွေနဲ့ စစ်ရေယာဉ်တွေ ရှိနေတာဖြစ်တယ်လို့ ဆိုထားပါတယ်။

Rf; Sputnik
မောင်သံဆင့်(XYZ News)