မော်ရီစီယိုပိုချက်တီနိုက လီယွန်နယ်မက်ဆီဟာ ယခုနှစ် ဘလွန်းဒေါဆုကို ဆွတ်ခူးသင့်တယ်လို့ ဆိုလိုက်ပြီး အဆိုပါ ဆုအတွက် top 3 ၀င်မယ့် ကစားသမား ၃ ဦးကိုလည်း ရွေးချယ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က ယခုနှစ် Ballon d’or ဆုအတွက် ဆန်ကာတင် အယောက် ၃၀ ကို ကြေငြာသွားခဲ့ပြီး ချန်ပီယံလိဂ်ဖလား ဆွတ်ခူးထားခဲ့တဲ့ ချဲလ်ဆီး ကစားသမားတွေ ဖြစ်ကြတဲ့ ကန်တီ နဲ့ UEFA Men’s Player of the Year ဆုကို ရရှိထားခဲ့ပြီး ဖြစ်တဲ့ ဂျော်ဂျင်ညို တို့ကလည်း ရေပန်းအစားဆုံး သူတွေထဲမှာ ပါ၀င်နေပါတယ်။

ဒါပေမယ့်လည်း ပိုချက်တီနိုက ဘာစီလိုနာနဲ့ အတူ စိတ်ပျက်စရာ ရာသီကို ကြုံခဲ့ရပေမယ့် အာဂျင်တီးနားကို ကိုပါအမေရိက ဖလား ရယူပေးခဲ့တဲ့ မက်ဆီ ကသာ ကမ္ဘာ့အကောင်းဆုံး ကစားသမား အဖြစ် ရှိနေဆဲလို့ သူ့ခံစားချက်ကို ပြောလိုက်ပါတယ်။

လာမည့်လမှာ ကျင်းပမယ့် ဘလွန်းဒေါဆုကို ဘယ်သူ ဆွတ်ခူးနိုင်မလဲ ဆိုတာကို မေးမြန်းခဲ့ရာမှာ ပိုချက်တီနိုက “ဒီဘလွန်းဒေါဆုကို လီယွန်နယ်မက်ဆီပဲ ဆွတ်ခူးသင့်တယ် ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး။ အကယ်၍ မက်ဆီဟာ ကျွန်တော့်ရဲ့ အသင်းသား ဖြစ်မနေဘူး ဆိုရင်လည်း ကျွန်တော် ကတော့ ဒီဆု အတွက် မက်ဆီပဲ ဆွတ်ခူးသင့်တယ်လို့ ပြောနေအုံးမှာ ဖြစ်ပါတယ်။

ကျွန်တော့်ရဲ့ အဖြေဟာ နှလုံးသားထဲက လာတာပါ။ ကျွန်တော်ဟာ အမြဲတမ်း ကိုယ်ခံစားရတဲ့ အတိုင်းပဲ ပြောပါတယ်။ ဒီစင်မြင့်ထက်မှာ မက်ဆီနဲ့အတူ ရှိရမယ့် ကစားသမား ၂ ဦး ကတော့ လီ၀န်ဒေါစကီး နဲ့ ခရစ်စတီယာနို တို့ပဲ ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ဘလွန်းဒေါဆု အတွက် top 3 မှာ ဥရောပ ချန်ပီယံ ချဲလ်ဆီး အသင်းသား တစ်ဦးကိုမှ ထည့်သွင်းခဲ့ခြင်း မရှိပေမယ့်လည်း ပိုချက်တီနိုက ချဲလ်ဆီး အသင်းဟာ ဒီရာသီမှာ ချန်ပီယံလိဂ် ဖလားကို ကာကွယ်နိုင်ရန် ရေပန်းအစားဆုံး ဖြစ်တယ်လို့ ပြောသွားပါတယ်။

ပိုချက်တီနိုက “ဒီရာသီ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ရန် ရေပန်းအစားဆုံး အသင်း ကတော့ ချဲလ်ဆီးပဲ ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ လက်ရှိ ချန်ပီယံ ဖြစ်ပြီး ဒီဖလားကို ကာကွယ်နို်င်စွမ်း အပြည့် ရှိနေလို့ပါပဲ။” လို့ ခန့်မှန်း သွားပါတယ်။

ဒီရာသီဟာ လာမည့် နွေရာသီ ကလပ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အမ်ဘက်ပေရဲ့ ပီအက်ဂျီ ကစားသမား ဘ၀ နောက်ဆုံးရာသီ ဖြစ်ဖို့ များနေပေမယ့် ပိုချက်တီနို ကတော့ ပြင်သစ်စတားဟာ ကလပ်နဲ့ စာချုပ်သစ် ချုပ်ဆို ဖြစ်လ်ိမ့်မယ်လို့ မျှော်လင့် နေဆဲ ဖြစ်ပါတယ်။

ပီအက်ဂျီ နည်းပြက “အမ်ဘက်ပေဟာ အိုကေပါတယ်။ သူဟာ personality ကောင်းကာ တအားကို ဖော်ရွေတဲ့ တည်ငြိမ်တဲ့ ကောင်လေးတစ်ယောက် ဖြစ်ပါတယ်။ သူဟာ ဘောလုံးကို ချစ်မြတ်နိုးပြီး အသက် ၂၂ နှစ် အရွယ်နဲ့တင် တကယ့်ကို ရင့်ကျက်နေပါတယ်။ အနာဂတ် အတွက် ကီလီယန် ကိုယ်တိုင်ပဲ ဆုံးဖြတ်ချက် ချသွားရမှာပါ။ ပီအက်ဂျီ ဘက်ကတော့ သူ့ကို ဆက်ထိန်းထားနိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ပြောနေတဲ့ ကစားသမားဟာ အသက် ၂၂ နှစ် အရွယ်နဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ ထဲက တစ်ဦး ဖြစ်နေတဲ့သူပါ။

အခြေအနေတွေက open ဖြစ်နေဆဲ ဖြစ်ပြီး ပီအက်ဂျီဟာ သူ့ကို ဆွဲဆောင်နိုင်စွမ်း ရှိနေပါတယ်။ ဒါ့အပြင် သူ့ကို ပျော်ရွှင်စေမယ့် အရာတွေကိုလည်း ကမ်းလှမ်းသွားမှာပါ။ သူ့ရဲ့ စ်ိတ်ပြောင်းလဲကာ ဒီမှာ ဆက်နေသွားမယ့် ဖြစ်နိုင်ခြေလည်း ရှိနေပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM

Leave a Comment

Your email address will not be published. Required fields are marked *