နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ကို ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ပြီး အမေရိကန်က မေတ္တာရပ်ခံထားတဲ့ ဟောင်ကောင်ဆီ စစ်သင်္ဘောလာရောက်ဖို့အရေးကိုပါ ပြန်လည်သုံးသပ်သွားမှာ ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဟွာချောင်လင်းက တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“တရုတ်ဖက်က ပြင်းပြင်းထန်ထန် ကန့်ကွက်နေတဲ့ကြားက အမေရိကန် အာဏာပိုင်တွေဟာ ဟောင်ကောင်လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအက်ဥပဒေကို လက်မှတ်ထိုးလိုက်တယ်။ ဒါဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး တရုတ်ပြည်တွင်းရေးကို စွက်ဖက်လိုက်တာပဲ ဖြစ်တယ်။”လို့ ဟွာချောင်လင်းက ပြောပါတယ်။

 

၎င်းက ဆက်လက်ပြောဆိုရာမှာ “အမေရိကန်ရဲ့ အဆင်အမြင်မဲ့ လုပ်ရပ်ကို တုံ့ပြန်ဖို့ အမေရိကန်စစ်သင်္ဘောနဲ့ လေယာဉ်တင်သင်္ဘော ဟောင်ကောင်ဆီ လာရောက်ခွင့် တောင်းထားတာကို ရပ်ဆိုင်းပစ်ဖို့ ကျွန်မတို့ ဆုံးဖြတ်တယ်။ ဒါအပြင် National Endowment fo Democracy၊ International Republican Institute၊ Human Rights Watch၊ Freedom House စတဲ့ အမေရိကန် အခြေစိုက် NGOs တွေကိုလည်း ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်တယ်။”လို့ ဆိုပါတယ်။

“အမှားကို ပြင်ဖို့၊ ကျွန်မတို့ရဲ့ ပြည်တွင်းရေးကို မစွက်ဖက်ဖို့ အမေရိကန်ကို ကျွန်မတို့ တိုက်တွန်းတယ်။ ဟောင်ကောင် တည်ငြိမ်ရေးနဲ့ ဝပြောရေးအတွက် ကာကွယ်ဖို့ တရုတ်နိုင်ငံဟာ လိုအပ်သမျှ ဆောင်ရွက်သွားမယ်။ နိုင်ငံရဲ့ အချုပ်အခြာ၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးမှု အကျိုးစီးပွားတွေအတွက်လည်း အစစ ကာကွယ်ဆောင်ရွက်သွားမှာ ဖြစ်တယ်။”လို့ ဟွာချောင်လင်းက အလေးထား ပြောဆိုခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုးခဲ့တဲ့ ဟောင်ကောင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အက်ဥပဒေဟာ ဟောင်ကောင်က အခြေအနေတွေကို အမေရိကန် အာဏာပိုင်တွေက နှစ်စဉ်သုံးသပ်နိုင်မှာ ဖြစ်ပါတယ်။

သဘောတူထားတဲ့ ‘တစ်နိုင်ငံ၊ စနစ်နှစ်ရပ်’ လမ်းပေါ်ကနေ သွေဖယ်ခြင်း ရှိမရှိ သုံးသပ်ပြီး အုပ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်ဒေသမှာ လူ့အခွင့်အရေး ချိုးဖောက်တဲ့ တရုတ်တာဝန်ရှိသူတွေကို ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်သွားနိုင်မယ့် ဥပဒေတစ်ရပ်ပဲ ဖြစ်ပါတယ်။

Rf; TASS
Writer_ မောင်သံဆင့်(XYZ News)