အီရန်နိုင်ငံရဲ့ ဒုံးကျည်တွေဟာ အရှေ့အလယ်ပိုင်းက အမေရိကန်စစ်စခန်း ၂၁ ခုကို ချိန်ရွယ်ထားပြီး အကြီးဆုံး ရန်သူတော်အတွက် အကြီးဆုံးစစ်ပွဲကြီးကို ပြင်ဆင်ထားတယ်လို့ အီရန်စစ်ဗိုလ်ချုပ်ကြီးတစ်ဦးက သတိပေးလိုက်ပါတယ်။

ဘာဆစ်ပြည်သူ့စစ်အဖွဲ့ တည်ထောင်ခြင်း နှစ် ၄၀ ပြည့်ကို ဘူရှားမြို့မှာ နိုဝင်ဘာ ၂၉ ရက်က ကျင်းပရာမှာ ဗိုလ်ချုပ်ကြီး အလာနော်နော်ရိုလာဟီက ဟိုင်ဖာနဲ့ တဲလ်အဗစ်ကို မြေပေါ် ပြားပြားဝပ်သွားအောင် ဖြိုချပစ်နိုင်စွမ်း အီရန်မှာ ရှိထားတယ်လို့ ပြောပါတယ်။

ဗိုလ်ချုပ်ကြီး နော်ရိုလာဟီဟာ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် စစ်ရုံးချုပ် တပ်မှူးကြီးရဲ့ ထိပ်တန်းအကြံပေး ဖြစ်ပါတယ်။
၎င်းရဲ့ မိန့်ခွန်းပြောဆိုမှုကို ဘူရှားရုပ်သံကနေ ထုတ်လွှင့်ခဲ့ရာမှာ “အမေရိကန်၊ ရုရှနဲ့ တရုတ်ပြီးရင် အီရန်ဟာ ကမ္ဘာမှာ စတုတ္ထမြောက်ဒုံးကျည် အင်အားအကြီးဆုံးနိုင်ငံပဲ ဖြစ်တယ်။”လို့ ၎င်းက ပြောထားပါတယ်။

နေတိုးမဟာမိတ်တွေ ကိုယ်တိုင် သတိပေးထားတာ ရှိကြောင်း၊ အီရန်ဟာ တစ်နေ့တည်းနဲ့ ဒုံးကျည် နှစ်သောင်းလောက်အထိ ပစ်လွှတ်နိုင်တယ်ဆိုတာ ဖြစ်ကြောင်း၊ ဒါပေမယ့် အမေရိကန်နဲ့ အနာဂတ်မှာ ထိပ်တိုက်တွေ့ရင်တော့ ဒီထက်မက ဒုံးကျည်စင်းရေတွေ ပစ်လွှတ်နိုင်တယ်ဆိုတာ မျက်ဝါးထင်ထင် မြင်တွေ့ရမှာ ဖြစ်ကြောင်း နော်ရိုလာဟီက ပြောပါတယ်။

“ကံဆိုးတာက ပင်လယ်ကွေ့နိုင်ငံအချို့ဟာ ကျုပ်တို့ ရန်သူတွေအတွက် စစ်စခန်းတွေ ဖြစ်လာတယ်။ ဒီအတွက် ကျုပ် ပြောထားမှ ဖြစ်မယ်။ ဒေသတွင်းက အမေရိကန်စစ်စခန်း ၂၁ ခုဟာ ကျုပ်တို့ ဒုံးကျည်တွေအတွက် ပစ်မှတ်ပဲ။ နေတိုးကိုယ်တိုင်လည်း အီရန်မှာ ဒုံးကျည်စခန်း ၁၁၀ ရှိပြီး တစ်နေ့တည်းနဲ့ အစင်းရေ ၂၀၀၀၀ ကျော် ပစ်လွှတ်နိုင်စွမ်းနေတယ်ဆိုတာ ပေးထားတယ်။”လို့ ၎င်းက ပြောပါတယ်။

“ဒါဟာ ကျုပ်တို့ စွမ်းရည်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ ရှိသေးတယ်။ နိုင်ငံအနေနဲ့ မြေအောက် ဒုံးကျည်စခန်းတွေတင်မက ဒုံးကျည်မြို့ပြတွေကိုပါ ရန်သူတွေကို ထုတ်မပြထားသေးဘူး။ ကျုပ်ဆိုလိုချင်တာက အကြီးမားဆုံးရန်သူကို ကျုပ်တို့ ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်း ရှိတယ် ဆိုတာပဲ။”လို့ အမေရိကန်ကို ရည်ရွယ်ပြီး အီရန်ဗိုလ်ချုပ်ကြီးက ပြောဆိုသွားခဲ့ပါတယ်။

Rf; The Times of Israel
Writer_ မောင်သံဆင့်(XYZ News)