ဘရာဇီးနိုင်ငံသား ဓာတ်ပုံဆရာ ဇနီးမောင်နှံနှစ်ဦးဟာ သစ်ပင်ပေါင်း ၂ သန်းလောက်ရှိတဲ့ တောအုပ်ကြီးတစ်ခုကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝကျော်လောက်ကတည်းကစပြီး ကြိုးစားပန်းစား ပြန်လည်ပြုစုပျိုးထောင်လာခဲ့ကြတာဟာ ခုဆိုရင် တောအုပ်ကြီးဟာ ပြန်လည်စိမ်းလမ်းစိုပြည်နေပြီဖြစ်ပြီး တောကိုစွန့်ခွာသွားကြတဲ့ တိရိစ္ဆာန်တွေလဲ ပြန်ရောက်လာကြပြီဖြစ်ပါတယ်။

ဆေဘတ်စ်တီယာယို ဆယ်လ်ဂါဒိုနဲ့ သူ့ဇနီး လေလီယာ ဆယ်လ်ဂါဒို တို့ဟာ ကမ္ဘာတစ်လွှားသတင်းဓာတ်ပုံတွေ လိုက်လံရိုက်ကူးရာကနေ ၁၉၉၄ ခုနှစ်မှာ သူတို့နေရပ်ကိုပြန်ရောက်ကြတဲ့အခါမှာတော့ သူတို့မိသားစုပိုင်ဆိုင်တဲ့ ကြက်ခြံကြီးဟာ တောပြုန်းမှုဒဏ်ကြောင့် လုံးလုံးလျားလျားပျက်စီးနေပြီဖြစ်တာကိုတွေ့ပြီး အရမ်းတုန်လှုပ်သွားခဲ့ကြပါတယ်။


Getty Images
ဒါကြောင့် သူတို့ဇနီးမောင်နှံဟာ ပြုန်းတီးသွားတဲ့တောအုပ်ကြီးထဲက ၂သန်းလောက်ရှိတဲ့ သစ်ပင်တွေကို ၁၉၉၈ ခုနှစ်မှာ စတင်ပြီး ပြန်လည်စိုက်ပျိုးခဲ့ကြပါတော့တယ်။ အဲဒီတောအုပ်ဟာ ၁၇၅၀ ဧကကျယ်ဝန်းပါတယ်။ ဘရာဇီးနိုင်ငံ Minas Gerais ပြည်နယ်က ကျတ်တီးမြေဖြစ်ပြီးတောပြုန်းသွားတာကို အပူပိုင်းဒေသရဲ့ လောကနိဗ္ဗာန်တစ်ခုပြန်ဖြစ်လာအောင် သူတို့ ကြိုးစားခဲ့ကြတာပါ။

သူတို့ဇနီးမောင်နှံဟာ Instituto Terra ဆိုတဲ့ အဖွဲ့လေးတစ်ဖွဲ့ကို တည်ထောင်ခဲ့ပြီး၊ အဲဒီအဖွဲ့ဝင်တွေနဲ့ ပြုန်းသွားတဲ့တောကို ပြန်ပြုစုပျိူးထောင်ခဲ့ကြတာဖြစ်ပါတယ်။


Getty Images
သူတို့ရဲ့ ကြိုးစားအားထုတ်မှုကြောင့် လုံးဝနီးပါးပြုန်းတီးသွားတဲ့တောအုပ်ကြီးဟာ တဖြည်းဖြည်းနဲ့ ပြန်လည်စိမ်းလမ်းစိုပြည်လာပါတယ်။

ခုအခါမှာတော့ အဲဒီတောအုပ်ကြီးဟာ ပြန်လည်စိမ်းလမ်းစိုပြည်လာ၊ သစ်ပင်ပန်းမာန်တွေ ဝေဝေဆာဆာပြန်ဖြစ်လာတာကြောင့် တောကိုစွန့်ခွာသွားကြတဲ့ သားကောင်လေးတွေ၊ ငှက်တွေ၊ ငါးတွေ၊ အင်းဆက်ပိုးမွှားတွေပါ ပြန်ရောက်လာကြပါပြီ။


Getty Images
အဲဒီတောအုပ်ကြီးထဲမှာ သစ်ပင်မျိုးစိတ်ပေါင်း ၃၀၀ လောက်ရှိပြီး၊ ငှက်မျိုးစိတ်ပေါင်း ၁ရဝလောက်ရှိပါတယ်။ နို့တိုက်သတ္တဝါတွေကတော့ မျိုးစိတ် ၃၀ လောက်ရှိပါတယ်။ ရေတပိုင်းကုန်းတပိုင်းသတ္တဝါတွေနဲ့ တွားသွားသတ္တဝါတွေကဆိုရင် မျိုးစိတ် ၁၅ ခုလောက်ရှိပါတယ်။ ခုတော့ သူတို့တတွေ အိမ်ပြန်ရောက်လာကြပါပြီ။

တစ်ချိန်က ကျတ်တီးမြေဟာ ခုတော့ ငှက်ကြည့်သမားတွေရဲ့ နယ်မြေတစ်ခုဖြစ်လာသလို၊ တောစခန်းထွက်ကြသူတွေအတွက်လဲ သာယာတဲ့တောတစ်ခုဖြစ်လာပါပြီ။


Getty Images
ကုလသမဂ္ဂအ စိုက်ပျိူးရေးနဲ့ စားနပ်ရိက္ခာအဖွဲ့(United Nations’ Food and Agriculture Organization/ UNFAO)ရဲ့ အဆိုအရ၊ တောင်အာဖရိကတိုက်အရွယ်အစားရှိတဲ့ ဟက်တာပေါင်း ၁၂၉ သန်းခန့် တောတွေဟာ ၁၉၉၀ ခုနှစ်လောက်ကစပြီး ကမ္ဘာပေါ်မှာ ပြုန်းတီးသွားခဲ့ပြီလို့သိရပါတယ်။ ပနားမားနိုင်ငံအကျယ်အဝန်းလောက်ရှိတဲ့ တောတွေဟာ ကမ္ဘာပေါ်မှာ နှစ်စဉ်ပြုန်းတီးနေတယ်လိုု့လဲ ဆိုပါတယ်။

ဆေဘတ်စ်တီယာယို ဆယ်လ်ဂါဒိုဟာ ခုအခါမှာ အသက် ၇၅ နှစ်ရှိပြီဖြစ်ပြီး၊ သူ့ဇနီး လေလီယာ ဆယ်လ်ဂါဒိုကလဲ သူနဲ့ အသက်မတိမ်းမယိမ်းလောက်ပဲလို့သိရပါတယ်။


Getty Images
အားကျဖွယ်ရာ၊ လေးစားဖွယ်ရာ၊ အတုယူဖွယ်ရာ ဇနီးမောင်နှံအကြောင်းကို အတိုချုပ်တင်ပြလိုက်တာဖြစ်ပါတယ်။