ညက documentary လေးတစ်ခု အမှတ်မထင် ကြည့်လိုက်ရတယ်။ ဂျပန်တွေ ပြာပုံဘဝကနေ ဖီးနစ်ငှက်လို ရုန်းကန်ထိုးထွက်လာကြတဲ့အကြောင်း။

ဂျပန်တွေ စစ်ရှုံးတယ်။ တိုင်းပြည်ကို အနုမြူဗုံးနဲ့ အဆုံးသတ်ခံလိုက်ရတယ်။ လူတွေ သိန်းချီသေတယ်။ မြို့တွေ အားလုံး ပြာပုံအတိ။ ဘာမှ ကုန်းကောက်စရာ မရှိတော့တဲ့ဘဝ။

ဒါပေမဲ့ ဂျပန်တွေမှာ “စိတ်ဓာတ်” ရှိတယ်။ ကိုယ့်ကိုသတ်တဲ့ အမေရိကန်ကို တည့်အောင်ပြန်ပေါင်းတယ်။ အစဉ်အလာတွေကို စွန့်တယ်။ ပြာပုံဘဝကတည်းကနေ ပညာရေးကို ပထမဆုံး ရအောင် ပြန်လည်တည်ဆောက်တယ်။

ပညာရေးကိုတည်ဆောက်ရာမှာ ရိုးရာအစဉ်အလာပညာရေးစနစ်ကို ပစ်ပယ်လိုက်တယ်။

ငါတို့လူမျိုးကို သတ်ခဲ့တဲ့သူတွေ ဘာကြောင့် သတ်ခဲ့တာလဲ။ သူတို့ဘာကြောင့် ငါတို့ကို အောင်နိုင်ရတာလဲ။ ငါတို့ဘာကြောင့် ရှုံးရတာလဲ။ သူတို့ဘာကြောင့် ဒီလိုလက်နက်တွေရှိတာလဲ။

ဂျပန်တွေ စဉ်းစားတယ်။ ရန်သူကို ရန်သူလို ဆက်တိုက်မှာလား။ ရန်သူကို မဟာမိတ်လုပ်ပြီး ရန်သူဆီက တိုးတက်မှုတွေကို အတုယူမလား။ ဂျပန်တွေ ပညာရေးကစပြီးတော့ အမေရိကန်ပညာရေးစနစ်ကို လိုက်တုနိုင်အောင် ကြိုးစားတယ်။ နောက်ပိုင်း ယဉ်ကျေးမှုကအစ သူတို့အပေါ်လွှမ်းမိုးနေတဲ့ အမေရိကန်တွေအတုယူပြီး ပြောင်းလဲနေထိုင်တတ်အောင် လုပ်ကြတယ်။

အမေရိကန်ဆိုတာ သူတို့လူမျိုးကို အနုမြူဗုံးနဲ့ မျိုးပြုတ်အောင်လုပ်ခဲ့တာပါ။ ဒါပေမဲ့ ဂျပန်တွေက အမေရိကန် တွေကို မမုန်းဘူး။ အပြုံးလေးနဲ့ နိုင်ငံတစ်နိုင်ငံကို ရအောင်တည်ထောင်ပြီး အင်အားကြီးအောင် လုပ်သွားနိုင်တယ် ဆိုတာ ရိုက်ပြသွားတယ်။

ဒီမှတ်တမ်းရုပ်ရှင်လေးမှာရလိုက်တဲ့ သင်ခန်းစာ

တိုင်းပြည်က ဘယ်လောက်ပဲ ပြာပုံဘဝရောက်သည်ဖြစ်စေ ပထမဆုံး ပြန်လည်ထူထောင်ရမှာ “ပညာရေး” ဆိုတာပဲ။

အရေးအကြီးဆုံးက “စိတ်ဓာတ်” ။ အရှုံးကို ခံယူတယ်။ အရှုံးကို လက်ခံတယ်။ မျိုးချစ်စိတ်တွေဘာတွေ ထုတ်ဖော်ပြောနေတာထက် နိုင်ငံနဲ့လူမျိုးကို အမြန်ဆုံးတိုးတက်စေဖို့လိုတယ်။

ငါ့နိုင်ငံ … ငါ့လူမျိုး … ငါတိုင်းပြည် … ငါ့အနာဂတ်

ပညာရေးဆိုတာ နိုင်ငံတစ်နိုင် ပြန်လည်ထူထောင်ရေးမှာ ဘာကြောင့်အရေးကြီးသလဲ

၁။ ပညာရေးကြောင့် နိုင်ငံတစ်နိုင်ငံမှာ နေထိုင်ကြတဲ့ နိုင်ငံသားတွေဟာ အကောင်းဆုံးဘဝကို ပိုင်ဆိုင်နိုင်တယ်

၂။ ပညာရေးကြောင့်သာ နိုင်ငံရေးကိုကောင်းကောင်းသိနိုင်တယ်။ ဘယ်သူ့ကို မဲပေးရမယ်၊ ဘယ်သူ့ကို မဲမပေး ရဘူးဆိုတာ ပညာနဲ့သာ ဆင်ခြင်နိုင်တယ်

၃။ ပညာဟာ အလုပ်အကိုင်အခွင့်အလမ်းကို အထောက်အကူပေးနိုင်တယ်

၄။ ပညာကြောင့် အကောင်းနဲ့အဆိုးကို ခွဲခြားသိမြင်နိုင်တယ်

၅။ ပညာဖြင့်သာ ကိုယ့်ဘဝ၊ သူ့ဘဝ၊ အားလုံးသောဘဝများကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်တယ်

၆။ အကောင်းဆုံးသော လူ့ဘောင်အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ချင်တဲ့စိတ်ရှိစေတယ်

၇။ ပညာကြောင့် ဥပဒေကိုလေးစားလိုက်နာသူဖြစ်စေတယ်

၈။ အစွန်းရောက်မျိုးချစ်စိတ်နဲ့ မျက်ကန်းမျိုးချစ်စိတ်တွေကိုတားဆီးပေးတယ်

၉။ အမျိုးသမီးတွေရဲ့ဘဝကို အနှိမ်ခံဘဝတွေကနေလွတ်မြောက်စေတယ်

၁၀။ နိုင်ငံတစ်နိုင်ငံရဲ့ အလုပ်လက်မဲ့ဘဝတွေကို လွတ်မြောက်စေတယ်

ဒါကြောင့် နိုင်ငံတစ်နိုင်ငံထူထောင်ရေးမှာ ပညာရေးကို ဦးစားပေးလုပ်ဆောင်ဖို့ အမြော်အမြင်တွေနဲ့ စီစဉ်နိုင်တဲ့ နိုင်ငံတွေသာ တိုးတက်တယ်။

စစ်လက်နက်တွေစုဆောင်း၊ စစ်စရိတ်တွေကို အများဆုံးသုံး၊ စစ်ပွဲတွေနဲ့ မငြိမ်းချမ်းအောင်ဖန်တီး၊ စစ်ဖြစ်နေသမျှ စစ်အာဏာရှင်ဆိုတာကို အထင်ကြီးအားကျနေအောင် လုပ်ဆောင်နေတဲ့ နိုင်ငံတိုင်းဟာ ဘယ်တော့မှ ပြာပုံထဲက ရုန်းထွက်နိုင်မှာ မဟုတ်ပါဘူး။

ဂျပန်ဟာ တစ်ချိန်က စစ်ဝါဒီနိုင်ငံ၊ စစ်ဘီလူးများ စိုးမိုးခဲ့တဲ့နိုင်ငံ။ စစ်ဝါဒီတွေကို စစ်ခုံရုံးတင်ပြီး စီရင်လိုက်တာက တစ်ပိုင်း၊ ဂျပန့်စိတ်ဓာတ်ကို မြှင့်တင်တာကတစ်ပိုင်း။

စစ်ဘုရင်တွေကို စစ်ခုံရုံးတင်ပြီး အဆုံးစီရင်လိုက်လို့ ဂျပန်တွေ ဝမ်းနည်းကြေကွဲခြင်း မဖြစ်ဘူး။

သူတို့တိုင်းပြည်ကို မတိုးတက်မှာ၊ မသန့်ရှင်းမှာ၊ မအောင်မြင်မှာစိုးရိမ်ပြီး မတော်တော်အောင်၊ မတတ် တတ်အောင် လုပ်နေကြတဲ့ ဂျပန့်မြင်ကွင်းဟာ တိုတိုလေးပေမယ့် ရင်ထဲကို ဝေဒနာတွေ အများကြီးထည့်သွား တယ်။

တင်ညွန့်

(ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်)