ကြိုးစားသော အလုပ်သမားများကို ခြေထောက်ဆေးပေးသည့် တရုတ်အလုပ်ရှင်နှစ်ဦး နာမည်ကြီးနေ (ရုပ်သံ)

အလုပ်ကြိုးစားတဲ့ ဝန်ထမ်းတွေကို ကိုယ်တိုင် ခြေထောက်ဆေးပေးခဲ့တဲ့ တရုတ်နိုင်ငံက သူဌေးနှစ်ဦးရဲ့ လုပ်ရပ်ဟာ အခုတလော အွန်လိုင်းမှာ နာမည်ကြီးနေပါတယ်‌။

ပုံမှန်ဆိုရင် တရုတ်နိုင်ငံက သူဌေးတွေဟာ အလုပ်သမားတွေကို နည်းမျိုးစုံနဲ့ ဒဏ်ပေးမှုအတွက် နာမည်ဆိုးနဲ့ ကျော်ကြားကြပါတယ်။ ဒါပေမဲ့ ဒီဖြစ်ရပ်မှာတော့ အရင်တုန်းကနဲ့ မတူဘဲ အလုပ်ရှင်တွေက အလုပ်သမားတွေကို ကိုယ်တိုင် ခြေထောက်ဆေးပေးတာကြောင့် အားလုံးရဲ့ အာရုံစူးစိုက်မှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဟာ တရုတ်နိုင်ငံ ကွမ်တုံပြည်နယ်၊ ဂျီနန်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့က ဖြစ်ပွားခဲ့တာလို့ ယူဆရပြီး ဒီသီတင်းပတ်မှာ အင်တာနက်ပေါ် ပျံ့နှံ့ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီသူဌေးနှစ်ဦးဟာ ဘယ်ကုမ္ပဏီကလဲ ဆိုတာ မဖော်ပြထားပေမယ့် သူတို့ကုမ္ပဏီဟာ အလှကုန်ပစ္စည်းတွေကို ရောင်းချတဲ့ ကုမ္ပဏီတခုဆိုတာတော့ သတင်းမှာ ရေးသားထားပါတယ်။

အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ဗွီဒီယိုဖိုင်မှာ အမျိုးသမီး သူဌေးနှစ်ဦးဟာ သူတို့ကုမ္ပဏီဝန်ထမ်း ရှစ်ဦးရဲ့ ခြေထောက်တွေကို ‌သေသေချာချာ ကျကျန‌န ဆေးကြောပေးနေတာကို မြင်တွေ့ရပါတယ်။

ဒီလို ဂုဏ်ပြုမှုကို သူဌေးတွေဘက်က အခမ်းအနားနဲ့ အကျအန ‌ဆောင်ရွက်ပေးခဲ့တာဖြစ်ပြီး အလုပ်ကြိုးစားတဲ့ ဝန်ထမ်း ရှစ်ဦးကို ပထမဆုံး စတိတ်စင်ပေါ်က ခုံပေါ်မှာ ထိုင်စေပါတယ်။ အဲဒီနောက်မှာ သူဌေးနှစ်ဦးက ဇလုံထဲ ရေထည့်ပြီး ထိုင်နေတဲ့ ဝန်ထမ်းတွေရှေ့ကို ယူလာပါတယ်။ နောက်တော့ သူဌေးနှစ်ဦးဟာ ထိုင်နေတဲ့ ဝန်ထမ်းတွေရှေ့မှာ ဒူးထောက်ပြီးတော့ ဖိနပ်ကို ချွန်ပေးကာ ခြေထောက်တွေကို ဆေးကြောပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဒီလို လုပ်ဆောင်ပေးတာဟာ အလုပ်သမားတွေရဲ့ အလုပ်ကြိုးစားမှုကို အလုပ်ရှင်တွေဘက်က အသိအမှတ်ပြုပေးတဲ့သဘော ဖြစ်ပြီးတော့ ဒီလို လုပ်ဆောင်ပေးခြင်းကြောင့် အလုပ်သမားတွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးရာ ရောက်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဒီလိုမျိုး အလုပ်ရှင် အလုပ်သမားအကြားမှာရှိတဲ့ ချစ်စရာကောင်းတဲ့ အပြုအမူတွေအပေါ် အင်တာနက် အသုံးပြုသူတွေက ချီးကျူးမှုတွေ ရှိနေသလို တချို့ကလည်း ဒါဟာ ဟန်ဆောင်ခြင်း၊ ဒါမှမဟုတ် ယုံအောင်တမင်လိမ်ညာထားခြင်း ဖြစ်တယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

( ယခုဖော်ပြပါသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည် )