ကုန်တင်ကားထဲ ပုန်းခိုလိုက်ပါလာသူ ၁၅ ဦးကို ဗြိတိန်ရဲ ဖမ်းဆီး

အင်္ဂလန်တောင်ပိုင်း ချစ်ပမ်နမ်မြို့နားက အဝေးပြေးလမ်းမတခုမှာ နိုဝင်ဘာ ၆ ရက်နေ့ညက ကုန်တင်ကားနောက်ခန်းထဲ ပုန်းခိုလိုက်ပါလာတဲ့ လူ ၁၅ ယောက်ကို တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီ ၁၅ ယောက်စလုံးဟာ အသက် ၁၆ နှစ်ကနေ ၃၀ အရွယ်ရှိတဲ့ အမျိုးသားတွေ ဖြစ်ကြပြီး ဗြိတိန်နိုင်ငံထဲ တရားမဝင်ခိုးဝင်လာတဲ့ သံသယမှုနဲ့ ဖမ်းဆီးထားတယ်လို့ ဝှစ်ရှိုင်းယားရဲဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့ မနက်အစောပိုင်းက ကုန်တင်ကားတွေ့တဲ့နေရာမှာ ရဲတပ်ဖွဲ့ဝင်တွေ၊ အရေးပေါ်ကယ်ဆယ်ရေး ဝန်ထမ်းတွေ သွားရောက်စစ်ဆေးခဲ့ကြတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ကုန်တင်ကားနောက်ခန်းထဲမှာတွေ့ရတဲ့ အမျိုးသား ၁၅ ယောက်ဟာ ဘယ်နိုင်ငံသားတွေလည်း ဆိုတာကိုတော့ အာဏာပိုင်တွေက ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။

ခန့်မှန်းခြေ အသက် ၅၀ အရွယ်ရှိတဲ့ အိုင်ယာလန်သား ကုန်တင်ကား ဒါရိုက်ဘာကိုလည်း ဗြိတိန်နိုင်ငံထဲ ခိုးဝင်ဖို့ ကူညီပေးတဲ့ သံသယမှုနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။

ပြီးခဲတဲ့ အောက်တိုဘာ ၂၃ ရက်ညကလည်း ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့အနီးက စက်မှုဇုန်တခုမှာ ရပ်ထားတဲ့ အအေးခန်းကုန်ကားအတွင်းကနေ အမျိုးသား ရုပ်အလောင်း ၃၁ လောင်းနဲ့ အမျိုးသမီး ရုပ်အလောင်း ၈ လောင်းတို့ကို ဗြိတိန်ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပြီး ဒရိုင်ဘာအပါအဝင် လူ ၄ ယောက်ကို လူသတ်မှု၊ လူကုန်ကူးမှု သံသယတို့နဲ့ ဖမ်းဆီးထားပါတယ်။

( ယခုဖော်ပြပါသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည် )