သမ္မတ ထရမ့် ဒေါ်လာ ၂ သန်းပေးဆောင်ရန် နယူးယောက်တရားရုံး အမိန့်ချမှတ်

ပရဟိတဖောင်ဒေးရှင်းရန်ပုံငွေ အလွဲသုံးစားလုပ်မှုနဲ့ အမေရိကန် သမ္မတ ထရမ့်ကို ဒေါ်လာ ၂ သန်း ပေးဆောင်ဖို့ နယူးယောက်ပြည်နယ် တရားသူကြီးက နိုဝင်ဘာလ ၇ ရက်နေ့မှာ အမိန့် ချမှတ်လိုက်ပါတယ်။

ဒေါ်နယ်ထရမ့်နာမည်နဲ့ ဖွဲ့ထားတဲ့ ပရဟိတ ဖောင်ဒေရှင်းရန်ပုံငွေတွေဟာ ထရမ့်ရဲ့ ၂၀၁၆ သမ္မတ မဲဆွယ်ပွဲရန်ပုံငွေဆီ ရောက်သွားခဲ့တာပါ။

ထရမ့်ဖောင်ဒေးရှင်းကို ၂၀၁၈ ခုနှစ် ဇွန်လတုန်းက နယူးယောက်ရှေ့နေချုပ် ဘာဘရာ အန်ဒါဝုဒ်က တရားစွဲဆိုခဲ့ပါတယ်။ နယူးယောက်တရားရုံးက သမ္မတ ထရမ့်နဲ့ သားသမီးများဖြစ်တဲ့ ဒေါ်နယ်ထရမ့် ဂျူနီယာ၊ အဲရစ်နဲ့ အီဗန်ကာတိုကကို တရားစွဲခဲ့တာပါ။

အဲဒီနောက် ဒီဇင်ဘာမှာပဲ ဖောင်ဒေးရှင်းကို ဖျက်သိမ်းဖို့ သဘောတူခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဖောင်ဒေးရှင်းကို ဖျက်သိမ်းလိုက်တာကြောင့် အဲဒီ‌ဒေါ်လာ ၂ သန်းကို အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းဆီ လှူဒါန်းသင့်တယ်လို့ မက်ဟန်တန် တရားရုံးချုပ် တရားသူကြီး ဆယ်လီယန် စကာပူလာက နိုဝင်ဘာ ၇ ရက်နေ့မှာပြောခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ အိမ်ဖြူတော်က ချက်ချင်းမဖြေကြားပေးသေးပါဘူး။

သမ္မတ ထရမ့်ကို ဒေါ်လာ ၂ သန်း ပေးစေဖို့ အမိန့်ချမှတ်လိုက်တာဟာ ပရဟိတလုပ်ငန်း ရန်ပုံငွေ ကာကွယ်ရေးနဲ့ အဲဒီရန်ပုံငွေတွေကို ကိုယ်ကျိုးအတွက် အလွဲသုံးစားလုပ်သူတွေကို တာဝန်ခံခိုင်းရာမှာ အောင်ပွဲကြီးတခုဖြစ်တယ်လို့ လက်ရှိ နယူးယောက်ရှေ့နေချုပ် လက်တီတီယာ ဂျိမ်းစ်က ပြောခဲ့ပါတယ်။

( ယခုဖော်ပြပါသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည် )