အစ္စရေး၏ မိုးပျံကေဘယ်ကားအစီအစဉ် ပါလက်စတိုင်းများ အမျက်ထွက်

ဂျေရုဆလင်မြို့ကနေ မြို့ဟောင်းတံတိုင်းတွေဆီကို မိုးပျံကေဘယ်ကားပြေးဆွဲမယ့်အစ္စရေး အစိုးရ ရဲ့ အစီအစဉ်ကို ပါလက်စတိုင်းတွေ အမျက်ထွက်နေကြပါတယ်။

ဒါဟာ အဲဒီဒေသက ပါလက်စတိုင်းတွေရဲ့ အမွေအနှစ်ကို ဖျောက်ဖျက်ဖို့ဖြစ်တယ်လို့ ပါလက်စတိုင်းတွေက စွပ်စွဲခဲ့ပါတယ်။

ဂျေရုဆလင်မြို့အနောက်ဘက်ကနေ မြို့ဟောင်းအရှေ့ဘက်ကို ပြေးဆွဲမယ့်ကေဘယ်ကားဟာ အချိန် ၄ မိနစ်သာ ကြာမြင့်မှာဖြစ်ပြီး တစ်နာရီကို ကမ္ဘာလှည့်ခရီးသည်နဲ့ ဝတ်ပြုသူ ၃၀၀၀ လောက်ကို အကြိုအပို့လုပ်နိုင်မှာ ဖြစ်ပါတယ်။

အစ္စရေးဘဏ္ဍာရေးဝန်ကြီး ဦးဆောင်တဲ့ အထူးကော်မတီအဖွဲ့က အခုသီတင်းပတ်မှာ ခွင့်ပြုချက်ပေးလိုက်တာကြောင့် ကေဘယ်ကားပြေးဆွဲမယ့် အစီအစဉ်ကို ဆက်လုပ်သွားမှာလည်း ဖြစ်ပါတယ်။

ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၆၃ သန်း ကုန်ကျမယ့် အဲဒီစီမံကိန်းကြောင့် ဂျေရုဆလင်မြိုမှာ ယာဉ်ကြောပိတ်ဆို့မှု လျော့ပါးစေလိမ့်မယ်လို့ အစ္စရေးအစိုးရက ပြောပါတယ်။

ဂျေရုဆလင်မြို့ဟာ ခရစ်ယာန်၊ မွတ်စလင်နဲ့ ဂျူး စတဲ့ ဘာသာရေးအရ အထွဋ်အမြတ်ထားရာ နေရာတွေ တည်ရှိတာကြောင့် ကမ္ဘာလှည့်ခရီးသွားတွေ၊ ဒေသခံတွေနဲ့ စည်ကားတဲ့မြို့ပါ။

ဒါပေမယ့် ပါလက်စတိုင်းတွေကတော့ မိုးပျံကေဘယ်ကား စီမံကိန်းဟာ အရှေ့ဂျေရုဆလင်က ပါလက်စတိုင်းနေအိမ်တွေရဲ့ အိမ်ခေါင်မိုးပေါ်ကနေ မီတာအနည်းငယ်ပဲ ကွာတာကြောင့် ဒါဟာ ဂျေရုဆလင်မြို့အနာဂတ်နဲ့ပတ်သက်ပြီး ပဋိပက္ခတွေ ဖန်တီးနေတာလို့ ပြောပါတယ်။

ပါလက်စတိုင်းတွေဟာ မြို့ဟောင်းတံတိုင်းအပါအဝင် အရှေ့ဂျေရုဆလင်ဒေသကို သူတို့ရဲ့ အနာဂတ်မြို့တော်အဖြစ် လိုချင်နေကြတာပါ။

၁၉၆၇ ခုနှစ် အရှေ့အလယ်ပိုင်းစစ်ပွဲအပြီးမှာ အစ္စရေးဟာ အရှေ့ဂျေရုဆလင်ကို သိမ်းယူခဲ့ပြီး ဂျေရုဆလင်တမြို့လုံး အစ္စရေးရဲ့ထာဝရမြို့တော်ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

မိုးပျံကေဘယ်ကားပြေးဆွဲမဲ့ စီမံကိန်းကို ၂၀၂၁ ခုနှစ်မှာ စတင်ပြေးဆွဲနိုင်ဖို့ ရည်ရွယ်ထားပေမယ့် အစိုးရအဖွဲ့ဆီက အပြီးသတ်ခွင့်ပြုမိန့်ရဖို့ လိုအပ်နေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

IN Israel’s planned Jerusalem cable car

( ယခုဖော်ပြပါသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည် )