အမေရိကန်သို့ တရုတ်ပစ္စည်း တရားမဝင်တင်သွင်းသည့် Aventura ကုမ္ပဏီ တရားစွဲခံရ

အမေရိကန်နိုင်ငံ နယူးယောက်မြို့အခြေစိုက်ကုမ္ပဏီတခုကို လုံခြုံရေးဆိုင်ရာပစ္စည်းတွေ တရုတ်နိုင်ငံကနေ တရားမဝင်တင်သွင်ရောင်းချမှု စွပ်စွဲချက်နဲ့ ဖက်ဒရယ် အစိုးရရှေ့နေ့တွေက နိုဝင်ဘာ ၇ ရက်နေ့မှာ တရားစွဲလိုက်ပါတယ်။

Aventura Technologies ကုမ္ပဏီဟာ စောင့်ကြည့်ရေးနဲ့ လုံခြုံရေးဆိုင်ရာပစ္စည်းတွေကို တရုတ်နိုင်ငံကနေ တင်သွင်းပြီး အမေရိကန်မှာ ပြန်ရောင်းတာကြောင့် အမေရိကန်အစိုးရနဲ့ ပုဂ္ဂလိက ဝယ်သူတွေအတွက် လုံခြုံရေးဆိုင်ရာ အန္တရာယ်ရှိတယ်ဆိုပြီး စွပ်စွဲခံခဲ့ရတာပါ။

အဲဒီအမှုနဲ့ ပတ်သက်လို့ Aventura Technologies ကုမ္ပဏီနဲ့ လက်ရှိဝန်ထမ်း၊ ဝန်ထမ်းဟောင်း ၇ ယောက်အပေါ် တရားစွဲဆိုတာကို နိုဝင်ဘာ ၇ ရက်နေ့က ကြေညာခဲ့ပါတယ်။

အဲဒီဝန်ထမ်းတွေဟာ တရုတ်နိုင်ငံကနေ အဓိက တင်သွင်းလာတဲ့ ပစ္စည်းတွေကို အမေရိကန် ထုတ်ကုန်ဆိုပြီး ဝယ်သူတွေကို လိမ်လည်ခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။

Aventura ကုမ္ပဏီကနေ အများဆုံးဝယ်ယူသူတွေကတော့ ရေတပ်၊ လေတပ်နဲ့ စစ်တပ်အပါအဝင် အမေရိကန်အစိုးရအေဂျင်စီတွေ ဖြစ်တယ်လို့ အစိုးရရှေ့နေတွေက ဆက်ပြောခဲ့ပါတယ်။

Aventura ကုမ္ပဏီဟာ သူရဲ့ ဖောက်သည်တွေကို လိမ်လည်ရုံတင်မကဘဲ ဖောက်သည်တွေရဲ့ ဆိုက်ဘာလုံခြုံရေးကို ထိခိုက်စေတယ်လို့ အမေရိကန်ရှေ့နေ ရစ်ချက်ဒေါ်နာဟူက ဘရွတ်ကလင်မြို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

တရားစွဲခံရတာနဲ့ ပတ်သက်လို့ Aventura ကုမ္ပဏီဘက်ကတော့ တစုံတရာ ထုတ်ဖော်ပြောကြားတာတွေ မရှိသေးဘူးလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

( ယခုဖော်ပြပါသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည် )