ရဲလာနေပြီဟု အော်ဟစ်သတိပေးခဲ့သည့် ကြက်တူရွေး အဖမ်းခံရ၊ ဖမ်းဆီးခံရပြီး စကားမပြောတော့(ရုပ်သံ)

မူးယစ်ကုန်သည်တဦးရဲ့ အိမ်မှာ အစောင့်အဖြစ် လေ့ကျင့်ပေးခြင်းခံထားရတဲ့ ကြက်တူရွေးတကောင်ဟာ ရဲတွေ ဝင်ရောက်စီနင်းချိန်မှာ “ရဲတွေလာနေပြီ” လို့ အော်ဟစ်သတိပေးခဲ့မှုကြောင့် ဖမ်းဆီးခံလိုက်ရတယ်လို့ Daily Star သတင်းမှာ ဖော်ပြပါတယ်။

ဘရာဇီး ရဲတပ်ဖွဲ့က သတင်းအရ ဘရာဇီးနိုင်ငံ ပီရိုင်ပြည်နယ် ဗီလာအာမန်ဒူးလက်စ်မြို့က အိမ်တအိမ်ကို ဝင်ရောက်စီးနင်းခဲ့ပြီး ရဲတွေ အိမ်နားကပ်လာတာနဲ့ တပြိုင်နက် ဒီကြက်တူရွေးက “ရဲတွေလာနေပြီ” လို့ ထအော်ခဲ့ကြောင်း ရဲအရာရှိတဦးကပြောပါတယ်။

“သူ့ကို ဒီလိုအော်တတ်ဖို့ သေချာလေ့ကျင့်ပေးထားပုံရပါတယ်” လို့ သူက ဆက်လက်ပြောဆိုပါတယ်။

လက်ရှိအချိန်မှာ ဒီကြက်တူရွေးကို ပီရိုင်ပြည်နယ်က အချုပ်ခန်းတခုမှာ ထိန်းသိမ်းထားပြီး ဒီငှက်ဟာ ဖမ်းဆီးခံထားရချိန်ကတည်းက ဘာစကားတခွန်းမှ မပြောတော့ဘူးလို့ သူ့ကိုအင်တာဗျူးဖို့ ကြိုးစားခဲ့တဲ့ သတင်းထောက်တယောက်က ပြောပါတယ်။

လက်ရှိအချိန်မှာ ဒီငှက်ကို ရဲအရာရှိပေါင်းများစွာက စစ်ဆေးဖို့ကြိုးစားနေပြီး ငှက်ဟာ တမင်တကာကို စကားမပြောဘဲ နေနေတာလို့လည်း ဒေသတွင်း တိရစ္ဆာန်ဆရာဝန်တဦးက သုံးသပ်ပါတယ်။

ဒီစီးနင်းမှုဟာ ကြက်တူရွေးလေးက သူ့တာဝန် သူကျေခဲ့ပေမယ့် အိမ်ပိုင်ရှင်မိသားစုကို တော့ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့သီတင်းပတ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ထိန်းသိမ်းခံထားရတဲ့ ငှက် ပြန်လည်လွတ်မြောက်ရေးအတွက် ကြိုးပမ်းမှုတွေလည်း ပေါ်ထွက်လာပါတယ်။

သဘာဝပတ်ဝန်းကျင်ရေး တက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ ဂျာကွီလိုင်း လူစတိုစာ က ဒီကြိုးပမ်းမှုကို ခေါင်းဆောင်နေပြီး ငှက်ကလေး လွတ်မြောက်ရေးအတွက် ရဲဌာနနဲ့ တွေ့ဆုံဆွေးနွေးတာတွေ ပြုလုပ်နေတယ်လို့ သူမက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်နေ့စလို့ ဒီကြက်တူရွေးလေးကို ဒေသတွင်းတိရိစ္ဆာန်စောင့်ရှောက်ရေး ဂေဟာတခုကို ခေါ်ဆောင်သွားပြီး သူ့ကို အပျံသင်ပေးနေတယ်လို့ ဘရာဇီးနိုင်ငံရဲ့ နာမည်ကျော် သတင်းဌာနတခုက ရေးသားဖော်ပြပါတယ်။

( ယခုဖော်ပြပါသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည် )