ကမ္ဘာ့ဒုတိယအကြီးမားဆုံး စိန်ရိုင်းတုံးကြီးကို ဘော့ဆွာနာနိုင်ငံတွင် တွေ့ရှိ

ကမ္ဘာ့ဒုတိယအကြီးမားဆုံး မပြင်ဆင်မဖြတ်တောက်ရသေးတဲ့ စိန်တုံးကြီးကို မကြာသေးခင်က တူးဖော်တွေ့ရှိခဲ့တယ်လို့ emirates247 သတင်းမှာ ဖော်ပြပါတယ်။

ဒီစိန်တုံးကြီးကို Lucara စိန်တူးဖော်ရေးလုပ်ငန်းက ဘော့ဆွာနာနိုင်ငံက စိန်လုပ်ကွက်တခုမှာ ရှာတွေ့ခဲ့တာဖြစ်ပြီး ဒီစိန်တုံးကြီးက ၁၇၅၈ ကာရက်ရှိကာ အလေးချိန် ၃၅၂ ဂရမ်နီးပါးရှိပါတယ်။ ဒီအရွယ်အစားဟာ တင်းနစ်ဘောလုံးထက်ပိုပြီး ကြီးမားပါတယ်။

“ကုမ္ပဏီဟာ ပြီးခဲ့တဲ့ လေးနှစ်အတွင်း ကာရက် ၁၀၀၀ အထက်ရှိတဲ့ ဒုတိယမြောက်စိန်တုံးကြီးကို ရှာဖွေတွေ့ရှိခဲ့ရတာဖြစ်ပြီး အနာဂတ်ကာလမှာလည်း သဘာဝအရင်း အမြစ်များကို ထိခိုက်စေခြင်းမရှိဘဲ အရည်အသွေးမြင့်မားတဲ့ နောက်ထပ်စိန်တုံးတွေ ထပ်မံတူးဖော်တွေ့ရှိသွားဖို့ မျှော်လင့်တယ်” လို့ lucara ကုမ္ပဏီရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

အခုစိန်တုံးကြီးမတိုင်ခင် ကုမ္ပဏီဟာ ၁၁၀၉ ကာရက်ရှိတဲ့ စိန်တုံးကြီးတခုကို ၂၀၁၅ ခုနှစ်က ရှာဖွေတွေ့ရှိခဲ့ပါသေးတယ်။

လက်ရှိ ကမ္ဘာ့အကြီးမားဆုံး စိန်ရိုင်းတုံးအဖြစ် စံချိန်တင်ထားတာကတော့ Cullinan စိန်တုံးဖြစ်ပြီး ဒီစိန်တုံးဟာ ၃၁၀၆ ကာရက်ရှိပါတယ်။ ဒီစိန်တုံးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၁၄ နှစ်အကြာက တောင်အာဖရိကနိုင်ငံ ပရီတိုးရီးယားမြို့အနီးမှာ ရှာတွေ့ခဲ့တာပါ။

( ယခုဖော်ပြပါသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည် )