စပိန်တွင် သားဖြစ်သူစာကိုဖွင့်ဖတ်မိ၍ ဖခင်ဖြစ်သူ ထောင်ဒဏ် ၂ နှစ် ကျခံရမည့်အရေး ရင်ဆိုင်နေရ

စပိန်နိုင်ငံက အမျိုးသားတဦးက ၁၀ နှစ်အရွယ် သားဆီကို လိပ်မူရေးသားထားတဲ့ စာတစောင်ကို ဖွင့်ဖတ်မိခဲ့လို့ ထောင်ဒဏ် ၂ နှစ် ကျခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရတယ်လို့ OC သတင်းမှာ ဖော်ပြပါတယ်။

ဒီဖြစ်ရပ်ဟာ စပိန်နိုင်ငံ ဆီဗီလာမြို့မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တာပါ။ ဖြစ်စဉ်က အနည်းငယ်ရှုပ်ထွေးမှုရှိနေပြီး ဒီအမျိုးသားဟာ သူဖွင့်ဖတ်မိတဲ့စာကြောင့်ပဲ အမှုတခုက လွတ်မြောက်လာပြီး ဒီစာကြောင့်ပဲ နောက်တမှုနဲ့ ထပ်မံရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဒီအမျိုးသားဟာ သူ့ဇနီးဟောင်းကို ရိုက်နှက်မှုနဲ့ တရားရင် ဆိုင်နေရချိန်မှာ ဒီစာကို ဖွင့်ဖတ်မိလိုက်တာ ဖြစ်ပါတယ်။

ဒီစာဟာ သူ့ရဲ့ ၁၀ နှစ်အရွယ်သားဖြစ်သူကို အမှုဖွင့်ထားတဲ့ အမေဘက်က အဒေါ်က ရေးသားပေးပို့ခဲ့တာဖြစ်ပြီး စာထဲမှာ အမှုအတွက် ရုံးတင်စစ်ဆေးရင် ဘယ်လိုဘယ်ပုံ ထွက်ဆိုရမလဲဆိုတာကို အသေးစိတ်ရေးသားထားပါတယ်။

စာကိုဖတ်မိလိုက်တဲ့အတွက် ဒီအမျိုးသားဟာ သူဇနီးဟောင်း မိသားစုဘက်က သူ့ကို မတရားပြစ်ဒဏ်ချခံစေဖို့ ကြံစည်နေကြောင်း တရားရုံးမှာတင်ပြနိုင်ခဲ့တဲ့အတွက် ရိုက်နှက်မှု ဆွဲချက်ကနေ လွတ်မြောက်ခဲ့ရပါတယ်။

ဒါပေမယ့် ဇနီးဟောင်းဘက်က ရှေ့နေတွေက သူဟာစာကို ဖတ်ခွင့်မရှိဘဲ ယူဖတ်ခဲ့တာဟာ သားဖြစ်သူရဲ့ လွတ်လပ်ခွင့်ကို ချိုးဖောက်တာဖြစ်တယ်လို့ နောက်တမှုနဲ့ ထပ်မံဆွဲချက် တင်ခဲ့ပါတယ်။

အမျိုးသားဘက်က ဒီစာဟာ သူ့သားကို လိပ်မှုထားတာဖြစ်ပေမယ့် သူတို့သားအဖတွေဟာ မျိုးရိုးနာမည်ချင်း ဆင်တူတာကြောင့် မှားယွင်းဖွင့်ဖတ်မိတာလို့ တရားရုံးမှာ ပြန်လည်လျောက်လဲ ချက်တင်ခဲ့ပါတယ်။

ဒါပေမယ့် ဒါကိုဇနီးဟောင်းဘက်က ဥပဒေအသင်းက လက်မခံဘဲ သူဟာဖွင့်ဖတ်ဖို့ လုပ်ပိုင်ခွင့်မရှိဘဲ ကလေးကိုလိပ်မူထားတဲ့စာကို ဖွင့်ဖတ်တာဟာ ချိုးဖောက်မှုတခုပဲဖြစ်တယ်လို့ တရားရုံးမှာ လျောက်လဲချက်တင်ထားပါတယ်။

တရားရုံးရှေ့နေတွေ ကတော့ ဒီအမျိုးသားဟာ သားဖြစ်သူရဲ့ အုပ်ထိန်းခွင့်ကို ရရှိထားတာကြောင့် သူဟာ ဒီလိုလုပ်နိုင်တယ်လို့ ပြောပေမယ့် တရားသူကြီးရဲ့ နောက်ဆုံး ဆုံဖြတ်ချက်တော့ မဟုတ်ပါဘူး။

ဒါ့ကြောင့် သူဟာ တရားသူကြီးရဲ့ အမိန့်ချမှုကို စောင့်ဆိုင်းရမှာဖြစ်ပြီး တရားသူကြီးကသာ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခဲ့တယ်ဆိုရင် ထောင်ဒဏ် ၂ နှစ်အပြင် ယူရိုငွေ ၃၀၀၀ ကိုပါ ဒဏ်ကြေးပေးရဖို့ ရှိနေပါတယ်။

( ယခုဖော်ပြပါသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည် )