နယ်မြေခံရဲမသိစေဘဲ ဂျင်ဝိုင်းကို စီးနင်းဖမ်းဆီးရန် ဝန်ကြီးချုပ်ကိုယ်တိုင် တိုက်ရိုက်ညွှန်ကြား

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဖူလုံရွာတောရိုးတွင် ဂျင်ဝိုင်းလောင်းကစားပြုလုပ်နေသူများကို နယ်ခံရဲမသိစေဘဲ ဝင်ရောက်ဖမ်းဆီးရန် ဝန်ကြီးချုပ်ကိုယ်တိုင် တိုင်းရဲတပ်ဖွဲ့ကို တိုက်ရိုက်ညွှန်ကြားဖမ်းဆီးခိုင်းခဲ့ခြင်းဖြစ်ကြောင်း ယင်းတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

ထိုသို့ဖမ်းဆီးရန် ဒေသခံများ၏ တင်ပြချက်အရ ပခုက္ကူခရိုင်ရဲတပ်ဖွဲ့နှင့် ရေစကြိုမြို့နယ်ရဲတပ်ဖွဲ့ဝင်များမသိအောင် လျှို့ဝှက်ဖမ်းဆီးခိုင်းရခြင်းဖြစ်ကြောင်း မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ၎င်း၏ Facebook တွင် ရေးသားထားသည်။

“ကျွန်တော်ကို သတင်းပေးတဲ့ နယ်ခံ ရွာသူ/သားတွေ ကိုယ်တိုင်က ရေစကြို၊ ပခုက္ကူရဲသိလို့မဖြစ်ပါ။ သိလျှင် အလုပ်မဖြစ်ပါဆိုလို့ ဖမ်းမယ့်နေ့ မနက်ကျမှသာလျှင် မကွေးမြို့မှ ရဲမှူးဌေးလွင်ဦးဆောင်သော ရဲတပ်ဖွဲ့ကို အရပ်သားများအဖြစ် လျှို့ဝှက်၊ ဖမ်းဆီး ခိုင်းရခြင်း ဖြစ်ပါတယ်ဓဟု ဝန်ကြီးချုပ်က ရေးသားထားသည်။

မကွေးတိုင်း ဝန်ကြီးချုပ်က တိုင်းရဲတပ်ဖွဲ့ကို တိုက်ရိုက်အမိန့်ပေးသဖြင့် ပခုက္ကူခရိုင်ရဲတပ်ဖွဲ့ဝင်များမသိအောင် သွားရောက်ဖမ်းဆီးရခြင်းဖြစ်ကြောင်း ယင်းတိုင်း ဒုတိယရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးခင်မောင်လွင်က The Voice သို့ ပြောကြားသည်။

“တိုင်းကို တိုက်ရိုက်ဖမ်းခိုင်းလို့ ဆင်းဖမ်းတာ။ ဒေသခံတပ်ဖွဲ့ကို အကြောင်းမကြားဘဲ အရပ်သားအသွင်ယူပြီး ဖမ်းဆီးလိုက်တာပါ”ဟု ၎င်းက ပြောကြားသည်။

အဆိုပါဂျင်ဝိုင်း လောင်းကစားမှုတွင် ရဲတပ်ဖွဲ့ဝင်များ၏ ပါဝင်ပတ်သက်မှုများကိုစိစစ်ပြီး ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း မကွေးတိုင်း ဒုတိယရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးခင်မောင်လွင်က ပြောကြားသည်။

ဒေသခံများအနေဖြင့် လောင်းကစားပြုလုပ်ကြောင်း သတင်းရရှိလျှင် ၎င်း၏ ဖုန်း ဝ၉-၅၃၆၀၂၉၉ သို့ လည်းကောင်း၊ ထုတ်ပြန်ထားသော တိုင်းရဲတပ်ဖွဲ့ ဖုန်းနံပတ်များသို့လည်းကောင်း တိုင်ကြားနိုင်ပြီး လက်ခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

ဂျင်ဝိုင်းလောင်းကစားမှုကို အောက်တိုဘာ ၁၈ ရက်က ဖမ်းဆီးခဲ့ရာ လက်ကိုင်ဖုန်းမျိုးစုံ (၁၀) လုံး၊ မော်တော်ကားမျိုးစုံ (၇) စီး၊ မော်တော်ဆိုင်ကယ်မျိုးစုံ(၁၀၀) စီး၊ ဂျင်ဝိုင်းလောင်းကစားပြုလုပ်သည့်ပစ္စည်းများနှင့်အတူ၊ လောင်းကြေးငွေကျပ် (၃၂) သိန်းကျော် သိမ်းဆည်းရခဲ့ကြောင်း မကွေးတိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါလောင်းကစားဝိုင်းဖမ်းဆီးမှုတွင် ဦးဆောင်သူအပါအဝင် လူ (၁၃) ဦးကို ဖမ်းမိခဲ့ပြီး ၎င်းတို့ကို ရေစကြိုမြို့နယ်၊ မြို့မရဲစခန်းတွင် လောင်းကစားဥပဒေပုဒ်မ ၁၅ (က) အရ အမှုဖွင့်အရေးယူထားကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

လွင်အေး

(ယခုဖော်ပြပါသတင်းကို The Voice Daily ၏တရားဝင်ခွင့်ပြုချက်ဖြင့်ဖော်ပြပါသည်။)