ရန်ကုန်မြို့၌ ညပိုင်းလည်ပတ်နိုင်သည့်နေရာများ ဖော်ဆောင်မည်ဟု ဝန်ကြီးချုပ်ပြောကြား

ခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်ရန် ညီနောင်ကဏ္ဍများတိုးတက်ရန်နှင့် ညပိုင်းလည်ပတ်နိုင်သည့်နေရာများ ထပ်မံဖော်ဆောင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

အဆိုပါလုပ်ငန်းများ လုပ်ဆောင်မည့်ကိစ္စကို အောက်တိုဘာလ ၁၈ ရက်နေ့က ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ Fortune Plaza ၌ ကျင်းပသည့် Yangon Hotel Expo 2019 ပြပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ပြည်တွင်းခရီးသွားကဏ္ဍ ဖွံဖြိုးဖို့ဆိုရင် ဒီကဏ္ဍထဲမှာပါဝင်နေတဲ့ ညီနောင်ကဏ္ဍတွေ ဖွံဖြိုးတိုးတက်ဖို့ကလည်း အရေးကြီးပါတယ်။ ရန်ကုန်မြို့ကို လာရောက်လည်ပတ်တဲ့သူတွေ ညဘက်တွေမှာပါ လည်စရာနေရာရှိအောင် ကြိုးစားဆောင်ရွက်နေပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောဆိုသည်။

ခရီးသွားကဏ္ဍ ဖွံဖြိုးတိုးတက်လာပါက အခြားနယ်ပယ်ကဏ္ဍများမှာ အလိုအလျောက် ဖွံဖြိုးတိုးတက်လာမည်ဖြစ်သည့်အတွက် အဆိုပါကဏ္ဍနှင့်ပတ်သက်သည့် လုပ်ငန်းများကို ဖြေလျှော့ပေးလျက်ရှိကြောင်း ၎င်းကဆိုသည်။

ပြည်ပဧည့်သည်ဝင်ရောက်မှုသည် ယခုနှစ် ဇန်နဝါရီမှ ဩဂုတ်လကုန်တွင် လေကြောင်းလိုင်း၊ အပျော်စီးသင်္ဘာနှင့် နယ်စပ်ဝင်ပေါက်ဂိတ်များမှ အတွင်းပိုင်းအထိ ဗီဇာဖြင့်ဝင်ရောက်မှုမှာ လူဦးရေ ၁ ဒသမ ၂ သန်းကျော်ရှိပြီး နယ်စပ်မှဝင်ရောက်မှုသည် လူဦးရေ ၁ ဒသမ ၆ သန်းကျော်ရှိသည့်အတွက် စုစုပေါင်းဝင်ရောက်မှုမှာ ၂ ဒသမ ၈ သန်းကျော် ရှိခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း နိုင်ငံတကာမှ ကုန်စည်ပြပွဲများ လာရောက်ပြသမှုတွင်လည်း ခရီးများလုပ်ငန်းများ ပါဝင်ပြသလျက်ရှိကာ ထိုင်ဝမ်၊ ကိုရီးယားနှင့် ဗီယက်နမ်တို့မှ ခရီးသွားလုပ်ငန်းများ လာရောက်ပြသလျက်ရှိကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

( ယခုဖော်ပြပါသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည် )

ပြည့်ဖြိုးမြင့်မွန်