တရားမဝင်ကုန်စည်များ ဖမ်းဆီးမှုမှ ကျပ် ၁၄ ဘီလီယံကျော်ရရှိ

နယ်စပ်ဒေသမှ တရားမဝင်ကုန်ပစ္စည်းများ စစ်ဆေးဖမ်းဆီးမှုအနေဖြင့် ၂၀၁၈ ခုနှစ် စက်တင်ဘာလမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ ကျပ် ၁၄ ဒသမ ၆၁၄၅ ဘီလီယံရရှိကြောင်း ဒုတိယသမ္မတ ၁ ဦးမြင့်ဆွေက ပြောကြားသည်။

အဆိုပါ ၁၃ လတာကာအတွင်း တရားမဝင်ကုန်စည်ဖမ်းဆီးရမိမှုပေါင်း ၉၇၄ ကြိမ်မှ ခန့်မှန်းတန်ဖိုး ကျပ် ၁၄ ဒသမ ၆၁၄၅ ဘီလီယံ ရရှိခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အောက်တိုဘာလ ၁၉ ရက်နေ့ကပြုလုပ်သည့် ဒုတိယသမ္မတ ၁ နှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

နယ်စပ်ဒေသမှ တရားမဝင်ကုန်စည်များဝင်ရောက်လာမှုကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ရပ်တည်နိုင်ရန်ခက်ခဲလာသည့်အတွက် တရားမဝင်ကုန်ပစ္စည်းများ တားဆီးထိန်းသိမ်းရန် တင်ပြလာမှုအပေါ် ပုဂ္ဂလိကကဏ္ဍဖွံဖြိုးတိုးတက်ရေးကော်မတီက တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုးခုတွင် တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရန် အထူးအဖွဲ့များဖွဲ့စည်း၍ စစ်ဆေးဖမ်းဆီးခြင်းဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ထံမှ သိရသည်။

“ဒီအရေအတွက်က နည်းတော့နည်းပါသေးတယ်။ ကျွန်တော်တို့လည်း ထိထိရောက်ရောက်နဲ့ အရေးယူဆောင်ရွက်ဖို့လည်း စီမံဆောင်ရွက်နေပြီဖြစ်ပါတယ်။ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီကို နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းခဲ့ပြီဖြစ်လို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အညွှန်းကိန်းများအပေါ်အခြေခံပြီး လုပ်ငန်းကော်မတီတွေ၊ အထူးလုပ်ငန်းအဖွဲ့များ၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးမဟာဗျူဟာရေးဆွဲရေးတို့ကို ဆောင်ရွက်နေပါပြီ” ဟု ဒုတိယသမ္မတ ၁ ဦးမြင့်ဆွေက ပြောဆိုသည်။

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီကိုလည်း နိုင်ငံတော်သမ္မတရုံးက ဦးဆောင်၍ ဖွဲ့စည်းပြီးဖြစ်သောကြောင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရန် ကွင်းဆင်း၍ ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

(ယခုဖော်ပြပါသတင်းကို The Voice Daily ၏တရားဝင်ခွင့်ပြုချက်ဖြင့်ဖော်ပြပါသည်။)