ဘတ်သန်းချီကုန်ကျသည့် မင်္ဂလာဆောင်ပြီး ငွေမချေဘဲ ထွက်ပြေးသွားတဲ့သတိုးသားကို ဖမ်းဆီး

ထိုင်းမှာ ဘတ်သန်းနဲ့ချီကုန်အောင်မင်္ဂလာဆောင်ပြီး ငွေမချေဘဲ သတို့သမီးကို အကြွေးတွေနဲ့ ပစ်ထားခဲ့သူကို တာဝန်ရှိသူတွေက အောက်တိုဘာ ၁၇ ရက်နေ့ညက ဖမ်းဆီးလိုက်ပါတယ်။

မင်္ဂလာဆောင်အကြွေးအပြင် အခြားသူတွေကိုလည်း လှည့်ပတ်လိမ်လည်နေတဲ့ အသက် ၅၀ ရွယ်ရှိ နိုင်းထနတ် ဆီရီပီယဖွန်း ခေါ် ဆေတွပ် ဆိုသူဟာ အောက်တိုဘာ ၁၇ ရက်ည ၉ နာရီ ၄၅ မိနစ်က ဟောင်ကောင်ကနေ ထိုင်းကို ပြန်အလာ ဒွန်းမောင်းလေဆိပ်မှာ အဖမ်းခံခဲ့ရတာပါ။

သူဟာ စွပ်စွဲခံနေရတဲ့ကိစ္စတွေ ပြန်ဖြေရှင်းဖို့အတွက် ထိုင်းကိုပြန်လာနေပြီဆိုပြီး သတင်းထောက်တွေကို ပြောခဲ့လို့ သတင်းထောက်တွေက လေဆိပ်မှာ ဝိုင်းပြီးစောင့်နေကြပေမယ့် မှတ်ပုံတင်စစ်တဲ့နေရာမှာတင် ထိုင်းလဝကနဲ့ ကမ္ကာလှည့်ခရီးသွားရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးလိုက်တာပါ။

ဆေတွပ်ဟာ ဆံပင်ပုံတွေပြောင်းပြီး ရုပ်ဖျက်ထားပေမယ့် Biometric system နည်းနဲ့ ဖမ်းဆီး ရမိတာဖြစ်ကြောင်း၊ ကနဦးအနေနဲ့ သူ့ကို ချက်လက်မှတ်အတုလုပ်တဲ့အမှုနဲ့ ဖရနခွန်းနေ တရားရုံးအမိန့်အရ ဖမ်းဆီးရတာလို့ လေဆိပ် လဝကရဲ အရာရှိက သတင်းထောက်တွေကို ပြောပါ တယ် ။

ဆေတွပ်ကတော့ အပြစ်ကိုမဝန်ခံဘဲ ချက်လက်မှတ်ထဲကငွေတွေ ပေးချေပြီးသားဖြစ်ပြီး ငွေရတဲ့လူက ရဲစခန်းမှာ အမှုသွားမပိတ်သေးတာဖြစ်ကြောင်း၊ သူ့ကို နာမည်ပျက်အောင် သတင်းထုတ်ခဲ့တဲ့ သတင်းဌာန ၂ ခုကိုလည်း တရားပြန်စွဲမယ်လို့ပြောကြောင်း ဒွန်းမောင်းလဝကရဲတပ်ဖွဲ့က သတင်းထောက်တွေကို ပြောပါတယ်။

ရဲတပ်ဖွဲ့ကတော့ သူ့ကို အခြားအမှုကိစ္စရပ်တွေပါ စစ်ဆေးဦးမယ်လို့ ဆိုပါတယ်။

ဆေတွပ်မှာ သူ့ကိုယ်သူ ထိုင်း-ဟောင်ကောင် စီးလုံးငှါးလေယာဉ်ကုမ္ပဏီပိုင်ရှင်၊ ဘတ်သန်းပေါင်း သောင်းချီရှိတဲ့ သူဌေးလို့ပြောပြီး မိန်းကလေးတွေကို လိမ်လည်လက်ထပ်ကာ ငွေတွေပါ လိမ်ယူနေတယ်လို့ ကာယကံရှင်တွေက သတင်းဌာနတွေမှာ ထုတ်ဖော်ပြောထားပါတယ်။

သတင်းထောက်တွေက လိုက်လံစုံစမ်းရာမှာ သူဌေးမဟုတ်ဘဲ ပျံကျဈေးမှာ မှိုလိုက်ရောင်းနေတဲ့ ဈေးသည်တဦးသာဖြစ်ပြီး မှိုမျိုးစေ့အတွက် အကြွေးတွေ သောင်းနဲ့ချီရှိနေကြောင်း၊ မိန်းကလေး ၃ ဦးထက်မနည်း လိမ်ညာလက်ထပ်ခဲ့ပြီး မိခင်ဖြစ်သူရဲ့ မြေဂရံတွေပါ လိမ်ယူသွားသူဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

ဒီကနေ့ ညနေပိုင်း နောက်ဆုံးရသတင်းမှာတော့ ဖရနခွန်း နေတရားရုံးက သူ့ကို ချက်လက်မှတ်အတုလုပ်တဲ့အမှုနဲ့ ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပြီလို့ သိရပါတယ်

( ယခုဖော်ပြပါသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည် )