အများပြည်သူပိုင်လမ်းကို ဦးပိုင်သံမဏိစက်ရုံကပိတ်ထားသဖြင့် ရွာသားများ အခက်ကြုံ

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ မြင်းကပိုင်ကျေးရွာက ရွာသားတွေ ကိုယ်ထူကိုယ်ထ ဖောက်လုပ်ခဲ့တဲ့ လမ်းကို ဦးပိုင်လီမီတက်ပိုင်သံမဏိစက်ရုံက ပိတ်ထားတဲ့အတွက် ဒေသခံပြည်သူတွေ သွားလာရေးအခက်ကြုံနေရပါတယ်။

ရွာနဲ့ ပြည်-အောင်လံ ကားလမ်းမကြီး ဆက်သွယ်သွားလာနိုင်ဖို့ ဖောက်လုပ်ထားတဲ့ လမ်းကို ဦးပိုင်လီမီတက်ပိုင်သံမဏိစက်ရုံ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ဩဂုတ်လကစလို့ လုံခြုံရေး အကြောင်းပြပြီး ည ၁၀ နာရီကနေ မနက် ၆ နာရီထိ တားဆီးကန့်သတ်ပိတ်ဆို့ခဲ့တာပါ။

၂၀၁၁-၁၂ ခုနှစ်တုန်းကလည်း အခုလိုလမ်းပိတ်ခဲ့လို့ မြင်းကပိုင်ရွာသူ ဒေါ်အေးအေးသင်းနဲ့ ဒေါ်ခင်မျိုးဆွေတို့က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ILO ကိုတိုင်ကြားခဲ့ရာမှာ လမ်း ပြန်လည်ဖွင့်ပေးခဲ့ပြီး အခုထပ်မံပိတ်ဆို့တာဖြစ်ပါတယ်။

မြင်းကပိုင်ရွာသူ ဒေါ်ခင်မျိုးဆွေက “သီတင်းကျွတ်အခါမှာ ရွာကကျောင်းသားတွေ ဝန်ထမ်းတွေ ညအချိန် ၂ နာရီလောက် ရောက်တော့ ရွာကိုပြန်လာလို့ မရတော့ဘူး။ မွေးလူနာတွေ၊ အရေးပေါ်ဆေးရုံသွားရမယ့် ကိစ္စဆို တံခါးပိတ်ထားတော့ အဆင်မပြေနိုင်ဘူး။ အစိုးရပိုင်းအနေနဲ့ ကျမတို့ရွာသားတွေ အခက်အခဲကို ဖြေရှင်းပေးစေချင်ပါတယ်”လို့ ပြောပါတယ်။

သံမဏိစက်ရုံဘက်က မြင်းကပိုင်ရွာ ရွာခွဲတာဝန်ခံ ဦးကြည်ရှိန် ထံမှာ တံခါးသော့ပေးထားပြီး ညရေးညတာသွားလာမယ်ဆို သော့သွားယူပြီး တံခါးဖွင့်သွားလာနေရပါတယ်။

မြင်းကပိုင်ရွာ ရွာခွဲတာဝန်ခံ ဦးကြည်ရှိန်က “စက်ရုံတာဝန်ခံက ကျနော့်ကိုခေါ်ပြီးတော့ စက်ရုံဝန်းကျင်မှာ သူခိုးသူဝှက်တွေရှိနေလို့ ည ၁၀ နာရီကနေ မနက် ၆ နာရီထိ ပိတ်မယ် ခေါ်ပြောပြီး သော့ပေးထားတယ်။ ည ၁၀ နာရီနောက်ပိုင်း သွားလာချင်ရင် ကျနော့်ဆီကသော့ လာယူကြပေါ့။ အချိန်အခါနဲ့ မပိတ်ဘဲဖွင့်ထားရင်တော့ ရွာသားတွေအဆင်ပြေတာပေါ့”လို့ ပြောပါတယ်။

မြင်းကပိုင်ရွာသား အလုပ်သမားသမဂ္ဂ အတွင်းရေးမှူး ဦးကျော်ခိုင်လင်း က “လွတ်လပ်စွာ သွားလာပိုင်ခွင့် ပြဋ္ဌာန်းပြီးသားပါ။ တံခါးပိတ်ထားတဲ့အတွက် ရွာကိုပြန်လာတဲ့ ကလေးတွေ အဲ့တံခါးနားမှာ မိုးလင်းထိထိုင်စောင့်ပြီးမှ အိမ်ကိုဝင်ရတယ်။ လူ့အခွင့်အရေး ကော်မရှင်နဲ့ နိုင်ငံတော်သမ္မတထိတင်ပြမယ်”လို့ ဆိုပါတယ်။

သံမဏိစက်ရုံလက်ထောက်စက်ရုံမှူး ဦးတင်အေး ကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့တာမှာ တော့ “စက်ရုံမှာသူခိုးတွေ တအားဝင်တယ်၊ လိုင်းခန်းတွေအထိ တံခါးဆွဲဖွင့် အိပ်နေတာကို အတင်းဝင်ပြီးတော့ အနုကြမ်းစီး သလိုဖြစ်နေတယ်၊ သူတို့နယ်မြေ မဟုတ်ဘူးည ၁၀ နာရီကနေ ၆ နာရီထိပိတ်တယ်ဆိုတာ စက်ရုံလမ်းမို့ပေါ့”လို့ ပြောပါတယ်။

စက်ရုံဝန်ထမ်းလိုင်းခန်းနဲ့ မြင်းကပိုင်ရွာအဝင်လမ်း နီးပေမယ့် လိုင်းခန်းဘက်အဝင်လမ်းမှာ လုံခြုံရေးဂိတ်ထားပြီး အဝင်အထွက် စိစစ်သင့်တဲ့အကြောင်းနဲ့ မြင်းကပိုင်ရွာသားတွေဟာ တခါမှခိုးမှု ကျူးလွန်ခဲ့တာမရှိဘူးလို့ ကျေးရွာပြည်သူတွေက ပြောပါတယ်။

မြင်းကပိုင်ရွာနဲ့အလှမ်းဝေးတဲ့ သီးခြားနေရာမှာ သံမဏိစက်ရုံကို ၁၉၉၅/၉၆ ခုနှစ်လောက်က တည်ဆောက်ထားတာပါ။

( ယခုဖော်ပြပါသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည် )

သတင်း – ဘဦး