ရဲတပ်ဖွဲ့ Facebook စာမျက်နှာအဟောင်းပေါ်တွင် ဂိမ်းဆော့သည့် ရဲတပ်သားကို အရေးယူ

ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့၏ Facebook စာမျက်နှာအဟောင်းပေါ်တွင် ဂိမ်းဆော့ကာ Live ထုတ်လွှင့်ခဲ့သည့် ရဲတပ်သားတစ်ဦးကို ဖမ်းဆီးအရေးယူထားကြောင်း ယင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ယင်း ရဲတပ်သားသည် တိုင်းရဲတပ်ဖွဲ့မှူးရုံးတွင် တာဝန်ကျစဉ်က အဆိုပါစာမျက်နှာ၏ အက်ဒမင်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး လပွတ္တာမြို့နယ်သို့ ပြောင်းရွေ့တာဝန်ထမ်းဆောင်နေချိန် သေနတ်ပစ်သည့်ဂိမ်းနှင့် ဓားခုတ်သည့်ဂိမ်းကို အောက်တိုဘာလ ၁၅ ရက်ညပိုင်းက တစ်နာရီခန့်အကြာ လွှင့်တင်ခဲ့သောကြောင့် ရဲစည်းကမ်းဥပဒေဖြင့် ဖမ်းဆီးအရေးယူထားခြင်းဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ထွန်းရွှေက ပြောသည်။

“Page ကို အက်ဒမင်ကိုင်ခဲ့တဲ့ တပ်ဖွဲ့ဝင်တစ်ယောက်ပါ။ အခုတော့ အချုပ်ထဲထည့်ထားပြီး အရေးယူဖို့ ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ ရဲတပ်သားအမည်တော့ မပြောလိုဘူး” ဟု ဒုတိယရဲမှူးကြီးထွန်းရွှေက ပြောသည်။

ဂိမ်းများကို Live တင်ခဲ့သည့် လူမှုကွန်ယက်စာမျက်နှာမှာ ၂၀၁၇ နှစ်ကုန်ပိုင်းအထိ ဧရာဝတီတိုင်းရဲတပ်ဖွဲ့၏ မှုခင်းကျဆင်းရေး လုပ်ဆောင်မှုများ၊ မှုခင်းသတင်းများကို ရေးသားဖော်ပြပေးခဲ့သည့် Page ဖြစ်ပြီး အရေးယူခံရသည့် ရဲတပ်သားနှင့်အတူ ရဲအရာရှိတစ်ဦးက အက်ဒမင်အဖြစ် တာဝန်ယူခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ယခုအခါ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့၏ လူမှုကွန်ယက်စာမျက်နှာကို အသစ်ထပ်မံဖွင့်ထားကာ တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ မှုခင်းကျဆင်းရေးလုပ်ဆောင်နေမှုများ မှုခင်းသတင်းများကို ရေးသားဖော်ပြထုတ်ပြန်ပေးနေကြောင်း ယင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

( ယခုဖော်ပြပါသတင်းကို The Voice Daily ထံမှ တရားဝင်ဝယ်ယူပြီး ဖော်ပြပါသည် )

R-12