သေသွားတဲ့ ဖခင်စီးဖို့ ကားပါအတူတူ မြေမြှုပ်ပေးခဲ့တဲ့ သား

နိုင်ဂျီးရီးယားနိုင်ငံ၊ ဝေးလံသီခေါင်လှတဲ့ Ihaiala အမည်ရ ကျေးရွာလေးမှာ အမျိုးသားတစ်ဦးဟာ ဖခင်ရဲ့ အလောင်းကို တန်ဖိုးကြီးဇိမ်ခံကား BMW တစ်စီးနဲ့အတူ ရောပြီး မြေမြှုပ်ခဲ့ကြောင်း သိရပါတယ်။ သားဖြစ်သူကတော့ သူရဲဲ့ဖခင်ဟာ မသေခင်တုန်းက ဒီလို တောက်ပြောင်နေတဲ့ကားကြီးကို စီးချင်ခဲ့တယ်လို့ မကြာခဏ ပူဆာခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သူဟာ ဖခင်ရဲ့ဆန္ဒကို မသေခင် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိခဲ့ပေမယ့်၊ ဖခင်သေဆုံးသွားတာနဲ့ အနီးဆုံးမြို့က Showroom ကို သွားပြီး ပေါင် (၆၆၀၀၀)အထိ ပေးရတဲ့ BMW အသစ်စက်စက် တစ်စီးကို ဝယ်ယူခဲ့ပါတယ်။ ခေါင်းတလားအစား အဲဒီကားကိုသင်္ဂြိုဟ်ရာမှာ အသုံးပြုဖို့ပါ။

အဆိုပါ သားဖြစ်သူရဲ့ နာမည်ကတော့ Azubuike လို့ သိရပြီး လူချမ်းသားတစ်ဦးဖြစ်ပါတယ်။ သူဟာ သေဆုံးသွားတဲ့ဖခင် ကောင်းကင်နိုင်ငံတော်ရဲ့ လှေကားကို မြင်နိုင်ဖို့ BMW ကားမှာ ခေတ်မီလမ်းကြောင်းရှာ ကိရိယာဖြစ်တဲ့ Sat Nav ကိုတောင် ထည့်ပေးထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံထဲမှာ သင်္ဂြိုဟ်ရေးအဖွဲ့တွေဟာ ဆင်တူဝတ်စုံဝတ်ဆင်ထားပြီး ခြောက်ပေအနက်ရှိတဲ့ တွင်းထဲကို BMW ကားကြီးနဲ့အတူ၊ Azubuike ရဲ့ဖခင်ရုပ်အလောင်းကို မမြှုပ်ခင်မှာ ရိုက်ကူးထားတဲ့ဓာတ်ပုံဖြစ်ပြီး မျက်မှန်နဲ့ အကျႌအနီအစိမ်းကွက်နဲ့လူမှာ Azubuike ဖြစ်ပုံရပါတယ်။ ဒါပေမယ့် သူရဲ့လုပ်ရပ်ကို လူတွေက ဝေဖန်နေကြပါတယ်။

အထူးသဖြင့် လူမှုကွန်ယက်ပေါ်မှာ ဝေဖန်နေကြတာပါ။ Sifiso Inno Makhashila လို့အမည်ရတဲ့ လူမှုကွန်ယက် အသုံးပြုသူတစ်ဦးက ” မသေခင် ဝယ်ပေးတယ်ဆိုတာက လူမြင်ကောင်းသေးတယ် .. သေမှ ကားနဲ့အတူ မြေမြှုပ်တာက အတော် အသိဉာဏ်မဲ့တဲ့လုပ်ရပ် … ငွေကို အလဟဿဖြုန်းတီးတာပဲ … သင့်တော်တဲ့ ခေါင်းတလားလေးနဲ့ဆို လူမြင်ကောင်းသေးတယ် “လို့ မှတ်ချက်ရေးခဲ့ပါတယ်။

အခြားတစ်ဦးဖြစ်တဲ့ Obienice Mohale ကတော့ ” ဒါက ဆင်းရဲသားတွေကို ဆင်းရဲတွင်းနက်စေမယ့် မှောင်ခိုငွေကြေး ခဝါချသူတွေရဲ့ ငွေဖြုန်းနည်းတစ်ခုပေါ့ “လို့ ရေးခဲ့သလို၊ အခြားတစ်ဦးက ” အဖေမသေခင်တုန်းကတော့ ကောင်းမပြဘဲ သေမှ နာမည်ကောင်းရချင်တဲ့သူရဲ့ အသိဉာဏ်မဲ့လွန်းတဲ့ လုပ်ရပ်”လို့ ပစ်ပစ်နှစ်နှစ် ဝေဖန်ခဲ့ပါတယ်။ လူတစ်ယောက်ကတော့ မကြာဘူး သူခိုးတွေက ကားကို တူးယူလိမ့်မယ်လို့ ရေးသားခဲ့ပါတယ်။