အာဆင်နယ် အသင်း နည်းပြ အာတီတာ ဟာ ခရစ္စတယ်ပဲလေစ့် နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ မာတီနယ်လီ နဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေကြား ပေးသွား ခဲ့ပြီး အငှားချဖို့ စီစဥ်နေတယ်ဆိုတဲ သတင်းတွေကို ငြင်းဆန် ပယ်ချ သွားခဲ့ပါတယ် ။

မာတီနယ်လီဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နွေရာသီ အပြောင်းအရွှေ့ကာလကမှ ဘရာဇီး ကလပ် အီတူယာနို အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၆ သန်းနဲ့ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ရောက်ရှိ လာတာလည်း ဖြစ်ပါတယ် ။

ဘရာဇီး လူငယ် တိုက်စစ်မှူး မာတီနယ်လီ ဟာ အာဆင်နယ် ကစားသမား ဘဝ ပထမဆုံး ရာသီမှာတင် ပြိုင်ပွဲစုံ ၂၆ ပွဲ အထိ ကစားခွင့်ရခဲ့ပြီး စုစုပေါင်း သွင်းဂိုး ၁၀ ၊ ဂိုးဖန်တီးမှု ၄ ကြိမ် အထိ ပြု လုပ်နိုင်ခဲ့ပါတယ် ။

အဲ့ဒီနောက်မှာတော့ မာတီနယ်လီ ဟာ ဒူးဒဏ်ရာကြောင့် ကိုးလကြာ အနားယူ ခဲ့ရပြီး ၊ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကမှ အာဆင်နယ် အတွက် ပြန်လည် ကစား ပေးနိုင်ခဲ့ပါတယ် ။ ဒါပေမယ့် မာတီနယ်လီ ဟာ ပုံမှန် ပွဲထွက် ကစားခွင့် မရရှိဘဲ အချိန် အများစုကို အရန်ခုံမှာသာ ကုန်ဆုံး ခဲ့ရပါတယ် ။

မာတီနယ်လီ ဟာ ပြီးခဲ့တဲ့ ရာသီက အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၃ ပွဲသာ ကစားခွင့် ရခဲ့ပြီး သွင်းဂိုး ၂ ဂိုး ၊ ဂိုးဖန်တီးမှု နှစ်ကြိမ် ပြုလုပ် နိုင်ခဲ့ပါတယ် ။

ဒီရာသီမှာလည်း မာတီနယ်လီ ဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲ နှစ်ပွဲမှာပဲ ပွဲထွက် ကစားခွင့် ရခဲ့ပြီး နောက်ပိုင်းပွဲတွေမှာ အရန်ခုံသာ ထိုင်ခဲ့ရပါတယ် ။ ဒါပေမယ့် မာတီနယ်လီ ဟာ ဝက်စ်ဘရွန်း ၊ ဝင်ဘယ်ဒန် တို့ကို အနိုင်ရခဲ့တဲ့ ခါရာဘောင်းဖလားပွဲမှာတော့ ပါဝင် ကစားခွင့် ရခဲ့ပါတယ် ။

အာတီတာ က မာတီနယ်လီ ကို ဘာကြောင့် ကစားခွင့် သိပ်မပေးတာလဲ ဆိုတဲ့ မေးခွန်းကို “ဒါက ဘာကြောင့်လဲ ဆိုတော့ သူ နဲ့ နေရာတူ ကစားသမား အရေအတွက်ကြောင့်ပါ ၊ သူ့ကိုလည်း ပွဲအချို့မှာ ပါဝင် ကစားခွင့် ပေးခဲ့ပါတယ် ။ “

” သူ ဘရန့်ဖိုဒ့် နဲ့ ပွဲမှာ ၊ ချဲလ်ဆီး နဲ့ ပွဲမှာ ပွဲထွက် ကစားခွင့် ရခဲ့ပါတယ် ။ ဒါပေမယ့် ပြီးခဲ့တဲ့ အပတ်မှာ သူ မထင်မှတ်ဘဲ ဒဏ်ရာ ရသွားခဲ့ပါတယ် ၊အသေးစား ဒဏ်ရာလေးပါပဲ ၊ တနင်္လာနေ့ပွဲမှာ သူ ပါဝင် ကစားနိုင်မှာလား ဆိုတာတော့ မသိရသေးပါဘူး ။ “

” ကျွန်တော်တို့ ဘက်က ဂါဘီ အပေါ် ယုံကြည်မှု အပြည့် ရှိပါတယ် ၊ သူ အသင်းမှာ တိုးတက်လာဖို့ အတွက် နေရာလွတ်တွေ ရှာပေးဖို့ လိုပါတယ် ။ သူအာဆင်နယ် အတွက် ကစားပေးခဲ့တဲ့ ပွဲအရေအတွက်ကို ကြည့်ကြည့်ပါ ၊ ဒဏ်ရာ ပြဿနာတွေက သူ့ရဲ့ တိုးတက်မှုကို နှောင့်နှေး စေနေတာပါ ။ “

” တစ်ခါတစ်လေမှာ ကျွန်တော်တို့က သူ့အသက်အရွယ်ကို မေ့နေတတ်ကြပါတယ် ၊ သူ ဟန်ချက်ညီညီ ကစားနိုင်အောင် ကျွန်တော်တို့ဘက်က ကြိုးစား ထိန်းသိမ်းပေးရမှာပါ ၊ ကျွန်တော်တို့ အချိန်ပေးဖို့ လိုအပ်ပါတယ် ။ “

မာတီနယ်လီ ကို အငှားချဖို့ အစီအစဉ် ရှိသလားဆိုတဲ့ မေးခွန်းကို အာတီတာ က ” သူ နဲ့ ပတ်သက်ပြီး အားရ ကျေနပ်မှု ရှိပါတယ် ၊ အဲ့ဒီလို စဉ်းစားနေတာမျိုး လုံးဝ မရှိပါဘူး ။ ” လို့ ပြန်လည် ဖြေကြား သွားခဲ့ပါတယ် ။

SM

Leave a Comment

Your email address will not be published. Required fields are marked *