နေပြည်တော်တွင် ဝန်ထမ်းများအတွက် အခမဲ့ အားကစားခန်းမ ဖွင့်လှစ်မည်

နိုင်ငံဝန်ထမ်းတွေအခမဲ့ အားကစားလုပ်နိုင်ဖို့ နေပြည်တော်မှာ ကျပ်သိန်း ၈၀၀၀ ကျော်တန် အားကစားခန်းမတခု ဖွင့်လှစ်ဖို့ အစိုးရက စီစဉ်နေပါတယ်။

 

 

ဝဏ္ဏသိဒ္ဓိ အားကစားကွင်းထဲမှာ ဖွင့်ထားတာဖြစ်ပြီး အဲဒီကို မနေ့က ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေး သွားရောက်စစ်ဆေးခဲ့ပါတယ်။

နေပြည်တော် ပြည်ထောင်စုနယ်မြေထဲက ဝန်ထမ်းတွေ ကျန်းမာ ကြံ့ခိုင်စေရေးအတွက် အားကစားလေ့ကျင့်ခန်းတွေကို အားလပ်ချိန်မှာလုပ်နိုင်ဖို့ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းထဲမှာ ရေကူးအားကစား လုပ်စေတာ၊ ဝဏ္ဏသိဒ္ဓိ အားကစားဝန်းထဲမှာ စက်ဘီးတွေ အခမဲ့စီးနင်းစေတာ၊ ဝန်းထဲမှာ လမ်းလျှောက်တာ၊ ကိုယ်လက်လှုပ်ရှားတာတွေ လုပ်ရာမှာ Outdoor Fitness ကိရိယာတွေ ထားထားတယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အခုအခါ ဝန်ထမ်းတွေ အားလပ်ချိန် GYM ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ လုပ်နိုင်ဖို့ GYM Fitness Centre ကို ဝဏ္ဏသိဒ္ဓိအားကစားဝန်းထဲမှာ ပြင်ဆင်ထားရှိနေတယ်လို့ ဆိုပါတယ်။

အားကစားစင်တာမှာ လေဝင်လေထွက်စနစ် ကောင်းမွန်ဖို့၊ စက်ကိရိယာတွေ မပျက်စေဖို့၊ ဝန်ထမ်းတွေ အလွယ်တကူလာရောက်နိုင်ဖို့၊ လေ့ကျင့်ရာမှာ အားကစားနည်းအလိုက် လိုသလို အသုံးပြုနိုင်ဖို့၊ လေ့ကျင့်ခွင့်ကတ်ကို စနစ်တကျ မှတ်ပုံတင်ပြီးမှ အခမဲ့လေ့ကျင့်နိုင်စေဖို့၊ ဝန်ထမ်းတွေ အခမဲ့ လာရောက်လေ့ကျင့်နိုင်တာကို သိရှိစေဖို့အတွက် အသိပေးကြေညာဖို့ စတာတွေ ဝန်ကြီးက ညွှန်ကြားခဲ့ပါတယ်။

အနံပေ ၆၀၊ အလျားပေ ၁၂၀ ရှိတဲ့ ဒီခန်းမဟာ ကျပ်သိန်း ၆၂၀၀ ကျော်တန်ပြီး ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၁၇၀၀ ကျော်တဲ့ အားကစားစက်ပစ္စည်း ၂၆ မျိုး ရှိတယ်လို့ ဆိုပါတယ်။

အဲဒီမှာ အောက်တိုဘာ ၁၆ ရက်ကစပြီး ဝန်ထမ်းတွေအနေနဲ့ ဝင်ခွင့်ကတ်လုပ်ပြီး အခမဲ့ လေ့ကျင့်နိုင်မှာ ဖြစ်ပါတယ်။

( ယခုဖော်ပြပါသတင်းကိုကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည် )