ဂျပန်တိုးရစ်ဆီက ဒေါ်လာ ရှစ်သိန်းကျော်တန် နာရီ အလစ်သုတ်သွားတဲ့ ပြင်သစ် ခါးပိုက်နှိုက်

ပြင်သစ်ရောက် ဂျပန်တိုးရစ်တစ်ဦးဟာ ပါရီက ဟိုတယ်ကနေ စီးကရက်ဝယ်ဖို့ အပြင်ထွက်လာခဲ့ရာမှာ သူ့ လက်ကောက်ဝတ်မှာ ဝတ်ဆင်ထားတဲ့ အမေရိကန်ဒေါ်လာ ၈၄၀၀၀၀ တန် တန်ဖိုးကြီး နာရီကို ပြင်သစ်ခါးပိုက်နှိုက်တစ်ဦး အလစ်သုတ်သွားကြောင်း ရဲသတင်းရင်းမြစ်က အင်္ဂါနေ့မှာ ပြောပါတယ်။

 

 

အသက် ၃၀ ရှိ အဲဒီ ဂျပန်ဟာ Arc de Triomphe နားက ကြယ်ငါးပွင့်အဆင့် Hotel Napoleon အပြင်ဖက်မှာ အမျိုးသားတစ်ဦးက ချည်းကပ်လာပြီး စီးကရက်တောင်းသောက်တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာ ဒီ ခါးပိုက်နှိုက်ဟာ ဂျပန်ကြီးရဲ့ လက်ကို ဖမ်းဆွဲလိုက်ပြီး ထွက်ပြေးသွားတဲ့အချိန်မှာ နာရီပါ ပါသွားတော့တာ ဖြစ်ပါတယ်။ အလစ်သုတ်ခံလိုက်ရတဲ့ အဲဒီ နာရီဟာ ရှားပါး Richard Mille က Tourbillon Diamond Twister နာရီဖြစ်ပြီး ခန့်မှန်တန်ဖိုး ယူရို ၇၇၀၀၀၀ ခန့် ရှိပါတယ်။

Mille နာရီတွေဟာ တကယ့်ကို တန်းဝင်တဲ့ တန်ဖိုးကြီး နာရီတွေဖြစ်ပြီး ခပ်ကြီးကြီး နာရီအိမ်မှာ အတွင်းက စက်ယန္တရားတွေကို မြင်ရတဲ့ နာရီမျိုးဖြစ်ကာ ပါရီမြို့တော်မှာ ခါးပိုက်နှိုက်တွေက ဒီလို နာရီမျိုးကို မြင်သာနဲ့ သိပြီး အလစ်သုတ်ဖို့ ချောင်းနေတဲ့ နာရီပဲ ဖြစ်ပါတယ်။
Golden Triangle နဲ့ အနီးနား ဧရိယာတွေမှာ အခုနှစ်အတွင်း တန်ဖိုးကြီးနာရီတွေ အလစ်သုတ်ခံရမှုပေါင်း နှစ်ဒါဇင်ထက် မနည်း ဖြစ်ပွားကြောင်း ပါရီသတင်းစာက ဖော်ပြထားပါတယ်။

Rf; Channel News Asia
မောင်သံဆင့်(XYZ News)