ရန်ကုန်မြို့တွင်း ကားဖြင့် ရောင်းချသည့် ဈေးသည်များကို စတင်ဖမ်းဆီး

ရန်ကုန်တိုင်းဒေသကြီး၊ မြို့တွင်းမြို့နယ်အတွင်းတွင် ကားဖြင့် လှည့်လှည်ကာ ဖွင့်လှစ်ရောင်းချနေသည့် လမ်းဘေးဈေးသည်များကို စတင်ဖမ်းဆီးနေပြီး လက်ရှိတွင် ဖမ်းဆီးရမိမှု ၄၉ မှုရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

 

 

အဆိုပါ မြို့တွင်းခြောက်မြို့နယ်တွင် လသာ၊ လမ်းမတော်၊ ဗိုလ်တစ်ထောင်၊ ပုဇွန်တောင်လေးမြို့နယ်တွင် ကားဖြင့် လှည့်လည်ကာ ဖွင့်လှစ်ရောင်းချသည့် လမ်းဘေးဈေးသည်များကို ဖမ်းဆီးရမိခဲ့ပြီး ကျန်မြို့နယ်ဖြစ်သည့် ကျောက်တံတား၊ ပန်းဘဲတန်းမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ခြင်းမရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ဌာနမှူးဖြစ်သူ ဦးကျော်မင်းက ပြောကြားသည်။

ယခုလက်ရှိ ရန်ကုန်မြို့တွင်းမြို့နယ်များတွင် ဈေးသည်များမှာ ကားလမ်းမများပေါ်တွင် ဈေးရောင်းချခွင့်မရရှိသောကြောင့် ဟိုက်ဂျက်၊ လိုက်ထရပ် စသည့် မော်တော်ယာဉ်များကို ဆိုင်ခန်း (သို့) ဂိုဒေါင်ပုံစံဖွင့်လှစ်ကာ ရောင်းချမှုများ ပိုမိုများလာကြောင်း မြို့တွင်းမြို့နယ်တွင်နေထိုင်သူများထံမှ သိရသည်။

မြို့တွင်းမြို့နယ်များတွင် ကားဖြင့် လှည့်လှည်ကာ ဖွင့်လှစ်ရောင်းချနေသည့် လမ်းဘေးဈေးသည်များကို ၂၀၁၈ ခုနှစ် စည်ပင်သာယာဥပဒေအရ ဒဏ်ငွေတစ်သိန်းမှ ငါးသိန်းအထိ ဒဏ်ရိုက်နိုင်ပြီး တရားသူကြီး၏ ချမှတ်သည့် ဥပဒေအရ ဒဏ်ကြေးဆောင်ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

မော်တော်ယာဉ်ဖြင့် လှည့်လည်ရောင်းချသည့် လုပ်ငန်းမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ခွင့်ပြုချက်မရှိကြောင်းနှင့် ယင်းမော်တော်ယာဉ်ရောင်းချခွင့်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာပို့ဆက်ဝန်ကြီးဌာန ကသတ်မှတ်ဥပဒေနှင့်သာလျှင် ရောင်းချခွင့်ရှိပြီး လူစီးကားများ၊ နံပါတ်အနက်များနှင့် လုပ်ငန်းလိုင်စင်မရှိသည့် ကားများအနေဖြင့် ဆောင်ရွက်ခွင့်မရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

( ယခုုဖော်ပြပါသတင်းကုုိ The Voice Daily ထံမှ တရားဝင်ဝယ်ယူပြီး ဖော်ပြပါသည် )

J-10