ဘောလုံးရာသီ အကြားမှာ ကစားတဲ့ လက်ရွေးစင် ခြေစမ်းပွဲတွေ ၊ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေ ဟာ ကလပ် အသင်း နည်းပြတွေ အတွက်တော့ အိပ်မက်ဆိုးတွေ ပါပဲ ။ အရှိန် ရနေတဲ့ အသင်းရဲ့ ပုံစံကို ရပ်တန့် လိုက်ရသလို ကစားသမားတွေ ကိုလည်း သက်ဆိုင်ရာ နိုင်ငံအသင်းတွေဆီ စေလွှတ်ပေး ကြရပါတယ် ။

အဲ့ဒိ ခရီးစဉ်တွေကနေ ပြန်လာတိုင်း ကစားသမားတွေဟာ ပင်ပန်း နွမ်းနယ် တတ်ကြသလို အချို့ဆိုရင် ဒဏ်ရာ ပြဿနာတွေနဲ့ ပင် ကြုံတွေ့ ခဲ့ကြရပါတယ် ။

ဒီရာသီ မှာတော့ ကိုဗစ် စည်းမျဉ်းတွေပါ ပါဝင်လာတာကြောင့် ကလပ် အသင်းတွေ ဟာ ဗြိတိန် ရဲ့ အနီရောင်ဆင့် သတ်မှတ် ထားတဲ့ နိုင်ငံတွေက ကစားသမားတွေ ကို မစေလွှတ်ဖို့ ဆုံးဖြတ်ခဲ့ပြီး ကလပ် အသင်းတွေ နဲ့ နိုင်ငံဘောလုံးအဖွဲ့ချုပ်တွေ ကတောက်ကဆ ဖြစ်ခဲ့ကြပါတယ် ။

ဒီတခါ မှာတော့ ဗြိတိန် ဟာ သူ့ရဲ့ ကိုဗစ် အနီရောင်ဆင့် သတ်မှတ်ချက် ထဲကနေ နိုင်ငံ အချို့ ကို ပယ်ဖျက်လိုက်ပြီ ဖြစ်တာကြောင့် အဆိုပါ နိုင်ငံတွေကို စေလွှတ် ထားတဲ့ ကလပ် အသင်းတွေက ကစားသမားတွေဟာ ဗြိတိန် ကို ပြန်လာချိန် မှာ ကွာရန်တင်း ဝင်ရောက်ဖို့ မလိုအပ်တော့ပါဘူး ။

အဲ့ဒိ နိုင်ငံတွေ ထဲမှာ အာဂျင်တီးနား ၊ ယူရဂွိုင်း ( Uruguay ) နဲ့ ပါရာဂွိုင်း ( Paraguay ) နိုင်ငံတွေ ပါဝင်လာ ခဲ့ကြပါတယ် ။

ဒါကြောင့် မန်ချက်စတာ ယူနိုက်တက် ဟာ သူတို့ရဲ့ Uruguay တိုက်စစ်မှူးကြီး ကာဗာနီ ကို ဗြိတိန် ပြန်ရောက်လာချိန် မှာ ချက်ချင်း အသုံးပြုနိုင်မှာ ဖြစ်ပြီး စပါး အသင်းကလည်း လိုကယ်ဆို ၊ ခရစ်ရှန် ရိုမဲရိုး တို့ အတွက် ကွာရန်တင်း စောင့်ဆိုင်းစရာ လိုအပ်တော့မှာ မဟုတ်ပါဘူး ။

အာဂျင်တီးနား ဂိုးသမား အီမီလီယာနို မာတီနက် ၊ ပါရာဂွိုင်း တိုက်စစ်မှူး မီဂွယ် အယ်မီရွန် တို့ဟာလည်း သူတို့ ကလပ် အသင်းတွေ အတွက် ချက်ချင်း ပါဝင် ကစားပေး နိုင်တော့မှာ ဖြစ်ပါတယ် ။

ဒါပေမယ့် ပွဲပန်းမှု ရှိနေနိုင်တာကြောင့် သူတို့တွေကို အနားပေးမယ် ၊ ထည့်ကစားမယ် ဆိုတာ ကတော့ နည်းပြတွေ ရဲ့ အပေါ်မှာပဲ မူတည်နေမှာ ဖြစ်ပါတယ် ။

တောင်အမေရိကဇုန် ရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပွဲစဉ်တွေ ဟာ မနက်ဖြန် နံနက် ( တောင်အမေရိက အချိန် အရ ကြာသပတေးည ) မှာမှ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်တာကြောင့် စနေ ၊ တနင်္ဂနွေမှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲတွေကို ပါဝင် ကစားနိုင်ဖို့ ကတော့ အခွင့်အရေး နည်းပါးလျက် ရှိနေပါတယ် ။

ဒီလိုမျိုး တောင်အမေရိက ၃ နိုင်ငံ ကို ကိုဗစ် အနီရောင် အဆင့်ကနေ ဖျက်သိမ်း ပေးလိုက်ပေမယ့် ဘရာဇီး ကိုတော့ အနီရောင် အဆင့်မှာသာ ဆက်လက် ထားရှိနေတာကြောင့် ဘရာဇီးသားတွေ ဟာ ဗြိတိန် ပြန်ရောက် လာချိန်မှာ ကွာရန်တင်း ဝင်ကြရဖွယ် ရှိနေပါတယ် ။

လီဗာပူး ရဲ့ ဘရာဇီးသားတွေ ဖြစ်တဲ့ ဖာဘင်ဟို နဲ့ ဂိုးသမား အဲလစ်ဆွန် ဘက်ကာ တို့ ကတော့ စနေနေ့ မှာ ကစားမယ့် ဝက်ဖိုဒ့် နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကို ကျိန်းသေ လွဲချော် တော့မှာ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆို ထားကြပေမယ့် ကွာရန်တင်း ဝင်ရမယ်ဆိုပါက လာမယ့် ကြားရက်မှာ ကစားမယ့် ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ( အက်သလက်တီကို မက်ဒရစ် နှင့် ) ကိုပါ လွဲချော်မယ့် အရေးနဲ့ ကြုံတွေ့ ကြရမှာ ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာလည်း ဘရာဇီး ကွင်းလယ်လူ ဖရက်ဒ် ကို လက်စတာ နဲ့ ကစားမယ့် ပွဲအတွက် လက်လွှတ် ရမှာ ဖြစ်သလို မန်စီးတီး ဟာလည်း အီဒါဆင် နဲ့ ဂါဘရီရယ် ဂျေဆူး တို့ကို အသုံးပြု နိုင်ကြမှာ မဟုတ်ပါဘူး ။

ပရီးမီးယားလိဂ် ကလပ်တွေ ကတော့ သူတို့ရဲ့ အမေရိက ကစားသမားတွေ ပွဲပန်းမှု မဖြစ်စေရေး နဲ့ အချိန်ကုန် သက်သာစေရေး အတွက် စီးလုံးငှား ဂျက်လေယာဉ်တွေ ကို အသုံးပြုကာ နိုင်ငံပွဲစဉ်တွေ ပြီးဆုံးတဲ့ နေရာကနေ ခေါ်ယူဖို့ အစီအစဉ် ရေးဆွဲ ထားကြတယ်လို့ သိရ ပါတယ် ။

SPORTS MYANMAR

Leave a Comment

Your email address will not be published. Required fields are marked *