ရွေးကောက်ပွဲ မတိုင်ခင် ဂါဇာမှာ စစ်တစ်ပွဲ နွှဲရနိုင်တယ်လို့ နေတန်ယာဟု ပြော

ရုရှနိုင်ငံဆီ အလည်အပတ်ခရီးစဉ်က ပြန်ရောက်လာတဲ့ အစ္စရေး ၀န်ကြီးချုပ် နေတန်ယာဟုက ဂါဇာကမ်းမြောင်မှာ အကြမ်းဖက်အုပ်စုတွေနဲ့ အချိန်မရွေး စစ်ထဖြစ်နိုင်တယ်လို့ သောကြာနေ့မှာ ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က အစ္စရေး မြို့တွေနဲ့ လူနေရပ်ကွက် နေရာစုံကို အချိန်အတော်ကြာ ဒုံးကျည် ပစ်လွှတ်တိုက်ခိုက်ခံရပါတယ်။ ဒုံးကျည်အများစုကို အစ္စရေးရဲ့ Iron Dome ဒုံးကာစနစ်က ဖျက်ချနိုင်ခဲ့ပါတယ်။

ဒီလို တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်ပြီး အစ္စရေးက လေကြောင်းစစ်ဆင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ညက အက်ဒေါ့မြို့မှာ ၀န်ကြီးချုပ်က လူထုစုရုံးမှု ပြုလုပ်နေချိန် ဒုံးကျည်နှစ်စင်း ပစ်လွှတ်လာတာကြောင့် ကိုယ်ရံတော်တွေက ၀န်ကြီးချုပ်ကို ဘေးလွတ်ရာ ပို့ဆောင်ခဲ့ရပါတယ်။

ရုရှသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံအပြီး နာရီပိုင်းမှာပဲ ပြောကြားချက်မှာ နေတန်ယာဟုက “ဂါဇာမှာ စစ်ပွဲစစ်ဆင်ရေးတစ်ရပ် အချိန်မရွေး ပေါ်ပေါက်လာနိုင်တယ်။ ရွေးကောက်ပွဲ မတိုင်ခင် လေးရက်လောက်မှာတောင် စစ်ထဖြစ်နိုင်တယ်။ စစ်ဖြစ်ဖို့ ရွေးကောက်ပွဲကို ရှောင်နေမှာ မဟုတ်ဘူး။”လို့ အခိုင်အမာ ပြောဆိုတာ ဖြစ်ပါတယ်။

အစ္စရေးနိုင်ငံဟာ စက်တင်ဘာ ၁၇ ရက် အင်္ဂါနေ့မှာ ရွေးကောက်ပွဲ ကျင်းပတော့ဖို့ ရှိနေတာပါ။ နေတန်ယာဟုအနေနဲ့ ၀န်ကြီးချုပ်အဖြစ် ပြန်လည်ရွေးကောက်ခံရဖို့ ပြင်းထန်ကြမ်းတမ်းတဲ့ ယှဉ်ပြိုင်မှုနဲ့ ရင်ဆိုင်နေရတဲ့အချိန်လည်း ဖြစ်ပါတယ်။

နေတန်ယာဟုအနေနဲ့ ၎င်းရဲ့ ၀န်ကြီးချုပ်ရာထူးအတွက် အခိုင်အမာ တည်ဆောက်ပြီး လုံခြုံရေးနဲ့ နိုင်ငံခြားရေးမှာ အောင်မြင်မှုတွေ ဖော်ဆောင်ထားနိုင်ပေမယ့် ဂါဇာဖက်က တိုက်ခိုက်မှုတွေ ဖြစ်ပွားနေဆဲ အခြေအနေက သူ့ရဲ့ နိုင်ငံရေးပြိုင်ဖက်တွေအတွက် အမြတ်ထုတ်စရာ ဖြစ်နေတာပါ။

Rf; The Times of Israel
Writer_မောငျသံဆငျ့( XYZ NEWS )

Popular Post