နျူကလီးယားစက်ရုံက စွန့်ပစ်ရေတွေကို သမုဒ္ဒရာထဲ ပို့လွှတ်ရဖို့ ရှိတယ်လို့ ဂျပန် ပြော

ဖူကူရှီးမား နျူကလီးယားစက်ရုံက စွန့်ပစ်ရေတွေဟာ သိုလှောင်နိုင်တဲ့ နေရာက ၂၀၂၂ မှာ လုံလောက်မှု ရှိတော့မှာ မဟုတ်တာကြောင့် သမုဒ္ဒရာထဲ ပို့လွှတ်ရဖို့ ရှိနေတယ်လို့ ဂျပန် သဘာဝပတ်ဝန်းကျင် ၀န်ကြီးက ပြောပါတယ်။

ဒီ စက်ရုံမှာက ဓာတ်ပေါင်းဖိုတွေကို အအေးပေးဖို့ ရေတန်ချိန် တစ်သန်းကျော်ထက်မနည်းကို အသုံးပြုထားရပြီး ကြီးမားတဲ့ တိုင်ကီကြီးတွေနဲ့ သိုလှောင်ထားရတာပါ။
ခုလို စက်ရုံက စွန့်ထုတ်တဲ့ ညစ်ညမ်းတဲ့ ရေတွေကို သမုဒ္ဒရာထဲ ပို့လွှတ်မှာကို တံငါသည်အုပ်စုတွေက အပြင်းအထန် ကန့်ကွက်နေပေမယ့် သိပ္ပံပညာရှင်တွေကတော့ ဒီ အယူအဆဟာ ဘေးအန္တရာယ် နည်းလိမ့်မယ်လို့ ပြောပါတယ်။

ဖူကူရှီးမား ဓာတ်အားပေးစက်ရုံမှာ တည်ဆောက်ထားတဲ့ ဓာတ်ပေါင်းဖိုတွေဟာ ၂၀၁၁ ခုနှစ်က ငလျင်နဲ့ ဆူနာမီဒဏ်ကြောင့် ဟိုက်ဒရိုဂျင်ပေါက်ကွဲမှုဖြစ်ပြီး ပျက်စီးခဲ့ရပါတယ်။ ဓာတ်ပေါင်းဖိုသုံးခု ပျော်ကျခဲ့ပါတယ်။

ဂျပန်အစိုးရကတော့ အဲဒီ ဧရိယာကို အကြီးစားအော်ပရေးရှင်းနဲ့ သန့်စင်ဖို့ ဆုံးဖြတ်ထားပြီး အပြီးအစီး သန့်စင်နိုင်ဖို့ဟာ ဆယ်စုနှစ်များစွာ ကြာမြင့်လိမ့်မှာ ဖြစ်ပါတယ်။
ကုန်လွန်ခဲ့တဲ့ ရှစ်နှစ်တာမှာ ပျက်စီးနေတဲ့ အဲဒီ ဓာတ်ပေါင်းဖိုတွေကနေ နေ့စဉ် ရေဒီယိုသတ္တိကြွရေတွေ တန် ၂၀၀ နီးပါး စွန့်ထုတ်နေတာ ဖြစ်ပါတယ်။

ရေဒီယိုသတ္တိကြွ အိုက်ဆိုတုပ်အများစုဟာ စစ်ထုတ်ခြင်းနည်းစနစ် complex filtration process သုံးပြီး ဖယ်ရှားနိုင်ပေမယ့် တစ်ခုသော အိုက်ဆိုတုပ်ဖြစ်တဲ့ tritium ကိုတော့ မဖယ်ရှားနိုင်ပါ။ ဒီအတွက် ရေတွေကို တိုင်ကီကြီးတွေထဲ သိုလှောင်ထားရတာဖြစ်ပြီး အဲဒီ တိုင်ကီကြီးတွေဟာ ၂၀၂၂ မှာ အကုန်ပြည့်တော့မှာ ဖြစ်ပါတယ်။

Rf; BBC
Writer_မောင်သံဆင့်(XYZ News)

Popular Post