ရော့ခ်ကာလို ၀တ်ဆင်ပြီး အလီဘာဘာကို လက်ပြနုတ်ဆက်သွားတဲ့ ဂျက်မာ

စက်တင်ဘာ ၁၀ ရက်နေ့မှာ အီလက်ထရောနစ် ကုန်သွယ်ရေး လုပ်ငန်းကြီးဖြစ်တဲ့ အလီဘာဘာရဲ့ အလုပ်သမားဝန်ထမ်း ထောင်ပေါင်းများစွာ တက်ရောက်တဲ့ ပွဲမှာ တည်ထောင်သူ ဂျက်မာဟာ ရော့ခ်ကာတစ်ဦးလို ၀တ်ဆင်ပြီး လမ်းခွဲမျက်ရည်တွေနဲ့ နုတ်ဆက်ထွက်ခွာသွားခဲ့ပါတယ်။

တရုတ် အရှေ့ပိုင်း ဟန်ကျို့မြို့မှာ ကျင်းပတဲ့ နုတ်ဆက်ပွဲမှာ တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး သူဌေးကြီး ဂျက်မာဟာ သူ တည်ထောင်ပြီး နှစ်နှစ်ကျော် အောင်မြင်နေတဲ့ အလီဘာဘာ ဥက္ကဌအဖြစ်ကနေ အနားယူရင်း ၀န်ထမ်းတွေနဲ့ နုတ်ဆက်ပွဲ ကျင်းပတာ ဖြစ်ပါတယ်။

လူပေါင်း ရှစ်သောင်း ၀င်ဆံ့တဲ့ အားကစားကွင်းမှာ လေးနာရီကြာ ကျင်းပပြုလုပ်တဲ့ ဒီ နုတ်ဆက်ပွဲမှာ ဘီလျှံနာ သူဌေးကြီး ဂျက်မာက ၎င်း လွန်ခဲ့တဲ့ တစ်နှစ်က ကတိထားခဲ့တဲ့အတိုင်း အမှုဆောင်အရာရှိ ဥက္ကဌ ရာထူးကို ဒန်နီယယ်ကျောင်းထံ လွှဲပြောင်းပေးအပ်ပါတယ်။

နုတ်ဆက်ပွဲမှာ ပုံစံစုံ၊ ဒီဇိုင်းစုံ မြင်တွေ့ရတဲ့ တက်ရောက်လာသူတွေထဲ တရုတ်ရိုးရာ အဝတ်အစား ၀တ်ဆင်လာသူတွေလည်း ပါ၀င်သလို အဆိုတော်တွေကလည်း ဂျက်မာရဲ့ ဂုဏ်သတင်းကို သီကျူးပြီး တေးသီဆိုကြပါတယ်။

“ဒီတစ်ညအပြီးမှာ ကျွန်တော်ကတော့ ဘဝသစ် စတင်ပါတော့မယ်။ ကမ္ဘာကြီးက ကောင်းမွန်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အခွင့်အလမ်းတွေ များစွာ ရှိနေတာလည်း ဖြစ်တယ်။ စိတ်လှုပ်ရှားရတာကို ကျွန်တော်က ချစ်တယ်။ ဒါကြောင့်ပဲ ခုလို စောစောစီစီး ရာထူးစွန့်တာပါ။”လို့ ဂျက်မာက တက်ရောက်လာတဲ့ ဧည့်သည်တွေနဲ့ ၀န်ထမ်းတွေကို ပြောပါတယ်။

နုတ်ဆက်ပွဲမှာ ၀န်ထမ်းတွေက ပြဇာတ်တို ကပြအသုံးခံတာနဲ့ တေးသီချင်းတွေ သီဆိုချိန်မှာ မျက်ရည်ရစ်ဝဲနေတဲ့ ဂျက်မာကို မြင်တွေ့ရပြီး ဒီမြင်ကွင်းဟာ တရုတ် လူမှုမီဒီယာ Weibo မှာ ‘ဂျက်မာ ငိုလေပြီ’ဆိုပြီး ရေးသားကြပါတော့တယ်။

ဂျက်မာအနေနဲ့ ခုလို နုတ်ထွက်တာဟာ အလီဘာဘာ ကုမ္ပဏီကြီးက အာရှရဲ့ တန်ကြေးအကြီးဆုံး ကုမ္ပဏီကြီးအဖြစ် ကြီးထွားလာပြီး ရင်းနှီးငွေ အမေရိကန်ဒေါ်လာ ၄၆၀ ဘီလီယံ ရှိကာ ၀န်ထမ်းပေါင်း တစ်သိန်းကျော် အင်အားရှိနေချိန်မှာ ဥက္ကဌ ရာထူးကနေ အနားယူတာပဲ ဖြစ်ပါတယ်။

သူ နုတ်ထွက်တဲ့ စက်တင်ဘာ ၁၀ ရက်ဟာ သူ့ရဲ့ ၅၅ နှစ်ပြည့် မွေးနေ့ဖြစ်ပြီး ကတိအတိုင်း နုတ်ထွက်ခြင်းပဲ ဖြစ်ပါတယ်။ ၁၉၉၉ မှာ အလီဘာဘာကို မတည်ထောင်ခင် ကျောင်းဆရာလုပ်ကိုင်ဖူးတဲ့ ဂျက်မာဟာ အခု ရာထူးကနေ အနားယူပြီးနောက်မှာ သူ့ရဲ့ စွမ်းရည်တွေကို ပညာရေးမှာ အသုံးချမယ်လို့ ပြောခဲ့ပါတယ်။

Rf; Straits Times
Writer_မောင်သံဆင့်(XYZ News)

Popular Post