အကြံဉာဏ်တွေကို သဘောမတွေ့ဘူးဆိုကာ အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘော်တန်ကို ထရမ့်က ရာထူးမှ နုတ်ထွက်ခိုင်း

အမျိုးသားလုံခြံုရေးအကြံပေး ဂျွန်ဘော်တန်ရဲ့ အကြံပေးချက် တော်တော်များများအပေါ် သဘောမကျဘူးလို့ မှတ်ချက်ပေးရင်း ရာထူးကနေ နုတ်ထွက်ဖို့ ပြောဆိုထားတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အင်္ဂါနေ့မှာ တွစ်တာကနေ ရေးသားဖော်ပြပါတယ်။

“သူ့ရဲ့ တာဝန်ထမ်းဆောင်ခဲ့မှုအတွက်တော့ ဂျွန်ကို ကျွန်တော် ကျေးဇူးတင်နေပါတယ်။ လာမယ့်သီတင်းပတ်မှာတော့ အမျိုးသားလုံခြံုရေးအကြံပေးသစ်ကို ကျွန်တော် ခန့်အပ်ကြေညာပါမယ်။”လို့ သမ္မတ ထရမ့်က ပြောပါတယ်။

ခုလို သမ္မတ ထရမ့်က ဂျွန်ဘော်တန်ကို ရာထူးက နုတ်ထွက်ခိုင်းတယ်လို့ မကြေညာခင် ဂျွန်ဘော်တန်ဟာ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပဲယိုနဲ့ ဘဏ္ဍာရေးဝန်ကြီး စတိမနုချင်တို့နဲ့ အင်္ဂါနေ့မှာ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖို့ ရှိကြောင်း အိမ်ဖြူတော် သတင်းပြန်ကြားရေးရုံးက ကြေညာထားတာ ဖြစ်ပါတယ်။

အဲဒီ သတင်းစာရှင်းလင်းပွဲမှာ ဂျွန်ဘော်တန်ကို ရာထူးကနေ ထုတ်ပယ်တာအပေါ် အံ့သြမိသလားလို့ ပွန်ပဲယိုနဲ့ မနုချင်တို့ကို မေးမြန်းကြတဲ့အခါမှာ မနုချင်က “ကျွန်တော် ဘယ်တော့မှ မအံ့သြဘူး။”လို့ ဖြေကြားခဲ့ပါတယ်။

ဂျွန်ဘော်တန်ကတော့ ရာထူးကနေ ထုတ်ပယ်ခံရတယ်ဆိုတာထက် ကိုယ်သဘောနဲ့ ကိုယ် နုတ်ထွက်တယ်ဆိုမျိုး တုံ့ပြန်ထားပြီး “ရာထူးကနေ နုတ်ထွက်ဖို့ မနေ့ညက ကျွန်တော် ပြောထားခဲ့ပါတယ်။ ဒီအကြောင်းကို နောက်နေ့မှ ဆွေးနွေးမယ်ဆိုပြီး သမ္မတ ထရမ့်က ပြန်ပြောခဲ့တယ်။”လို့ ထရမ့်ရဲ့ တွစ်တာရေးသားချက် ထွက်ပေါ်လာပြီး မိနစ်ပိုင်းအတွင်းမှာပဲ ဂျွန်ဘော်တန်က တွစ်တာပေါ်ကနေ ပြန်လည်ရေးသားပါတယ်။

“သမ္မတရဲ့ အမျိုးသားလုံခြံုရေးအကြံပေးရာထူးကနေ ခုကစလို့ ချက်ချင်းလက်ငင်း ကျွန်တော် နုတ်ထွက်ပါတယ်။ တိုင်းပြည်ကို ဒီ ရာထူးနဲ့ အလုပ်အကျွေးပြုနိုင်တဲ့ အခွင့်အရေးပေးခဲ့လို့ ခင်ဗျားကို ကျေးဇူးတင်ပါတယ်။”လို့ စက်တင်ဘာ ၁၀ ရက် နေ့စွဲတပ်တဲ့ ဂျွန်ဘော်တန်ရဲ့ သမ္မတ ထရမ့်ဆီ ပေးပို့တဲ့ စာမှာ ရေးသားထားပါတယ်။

Rf; CNN
Writer_မောင်သံဆင့်(XYZ News)

Popular Post