မားစ်ဂြိုလ်ပေါ်မှာ တစ်ချိန်တုန်းက ရေလွှမ်းမိုးမှုကြီးဖြစ်ပေါ်ခဲ့

တက္ကဆတ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေဟာ မားစ်ဂြိုလ်ရဲ့မျက်နှာပြင်ပေါ်က မြစ်တွေ ၊ ရေအိုင်တွေ နဲ့ ပင်လယ်တွေဖြစ်ပေါ်နေပုံအရတစ်ခါတုန်းက မားစ်ဂြိုလ်ပေါ်မှာရေလွှမ်းမိုးမှုကြီးတွေဖြစ်ခဲ့ဖူးတယ်လို့ကောက်ချက်ချထားပါတယ်။ အခုလို ရေလွှမ်းမိုးမှုတွေဖြစ်ခဲ့တာကြောင့် ရေတိုက်စားထားတဲ့ ချောက်ကမ်းပါးများစွာတွေ့ရတာဖြစ်တယ်လို့လည်းပြောထားပါတယ်။

“မားစ်ဂြိုလ်ပေါ်မှာရှိနေတဲ့ တစ်ချို့ရေအိုင်တွေဟာ ကတ်စပီယန်ပင်လယ်သေလောက်နီးနီးကြီးမားပါတယ်။ရေလွှမ်းမိုးမှုတွေနဲ့ ချောက်ကမ်းပါးတွေဟာ မားစ်ဂြိုလ်ရဲ့ကနဦးအသွင်အပြင်ကို လေ့လာတဲ့နေရာမှာအလွန်အရေးပါတယ်” လို့ Tim Goudge ကပြောပါတယ်။ မားစ်ဂြိုလ်ဟာ ကမ္ဘာလို တိုက်ကြီးတွေနဲ့ဖွဲ့စည်းထားတာမဟုတ်တဲ့အတွက် တိုက်နှစ်ခုကြားရိုက်ခတ်မှုကြောင့် မြေမျက်နှာသွင်ပြင်ပျက်ဆီးတာမျိုးမရှိတာကြောင့် ယခုချိန်ထိ ရေလွှမ်းမိုးဖြစ်ခဲ့တဲ့ ခြေရာလက်ရာတွေကို မြင်နိုင်တုန်းပဲလို့လည်း ပညာရှင်တွေကပြောပြထားပါတယ်။

“ကမ္ဘာပေါ်မှာတော့ ရေအိုင်ကြီးတွေက အချိန်ကြာမြင့်စွာရှိလေ့မရှိကြဘူး ။ ဒါပေမယ့် မားစ်ဂြိုလ်ပေါ်မှာတော့ မြေမျက်နှာသွင်ပြင်အပြောင်းအလဲမရှိတဲ့အတွက် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃.၇ ဘီလျံလောက်က ရေတွေရှိနေခဲ့တဲ့ မြေမျက်နှာသွင်ပြင်အနေအထားအတိုင်းကျွန်တော်တို့လေ့လာနိုင်တယ်” လို့ပြောထားပါတယ်။ ဒီသုတေသနမှတ်တမ်းကိုတော့ Geology ဂျာနယ်မှာ အပြည့်အစုံဖော်ပြထားပါတယ်။

Writer – Min Thu ( XYZ News)

Popular Post