Nostalgia : ၂၀၀၂ ကမ္ဘာ့ဖလား ဆီက အမှတ်တရတွေကို ပြန်လည်တူးဆွခြင်း

မနေ့တုန်းက ၂၀၀၂ ကမ္ဘာ့ဖလား ချန်ပီယံ ဘရာဇီး အသင်းသားတွေဟာ အာရှမြေပေါ်က အောင်ပွဲရဲ့ နှစ် ၂၀ ပြည့် အထိမ်းအမှတ် အဖြစ် ပြန်လည် ဆုံစည်း ခဲ့ကြပါတယ် ။

ရိုနယ်ဒို နာဇာရီယို ၊ ရီဗယ်ဒို ၊ ကာဖူး တို့တွေ ပွေ့ဖက် နှုတ်ဆက် နေကြတာတွေ ၊ ကမ္ဘာ့ဖလားကြီး ကို တဖန် ကိုင်မြှောက် နေကြတာတွေကို ကြည့်ရင်း နှစ် ၂၀ ဆိုတာ ခဏလေးနဲ့ ကုန်ဆုံး သွားခဲ့တာပါလား ဆိုပြီး တကိုယ်တည်း ရေရွတ် မိခဲ့ပါတယ် ။

တကယ်ပါပဲ ၊ နှစ် ၂၀ ဆိုတာ မနေ့တနေ့ တုန်းကလိုပါပဲ . . . ။

၂၀၀၂ ကမ္ဘာ့ဖလား ဟာ အာရှတိုက်မှာ ပထမဆုံး ကျင်းပတဲ့ ပြိုင်ပွဲ ဖြစ်ခဲ့သလို ပြိုင်ပွဲ သမိုင်း တလျောက်မှာ ပထမဆုံး ပူးတွဲ အိမ်ရှင် အဖြစ် ကျင်းပခွင့် ပြုခဲ့တဲ့ ပထမဆုံး ပြိုင်ပွဲလည်း ဖြစ်ခဲ့ ပါတယ် ။

အာရှ ရဲ့ ဂျပန် နဲ့ တောင်ကိုရီးယား နိုင်ငံ ဟာ မတ်လ ၃၁ ကနေ ဇွန်လ ၃၀ အတွင်း ကျင်းပခဲ့တဲ့ ပြိုင်ပွဲကြီးကို အိမ်ရှင် အဖြစ် ဧည့်ခံ ကျင်းပခဲ့ပြီး ဒီပြိုင်ပွဲဟာ သူတို့ နိုင်ငံတွေကို စီးပွားရေးပိုင်းမှာ အကြီးအကျယ် အထောက် အကူ ဖြစ်စေခဲ့ ပါတယ် ။

ပြိုင်ပွဲ မစခင် ကတည်းက အိမ်ရှင် နိုင်ငံတွေက ကစားကွင်းကြီးတွေ ၊ ပြိုင်ပွဲမှာ အသုံးပြုမယ့် ဖီဖာနိုဘာ ဘောလုံး ရဲ့ အကြောင်းတွေ ၊ ဘယ်အသင်းတွေမှာ ဘယ်သူတွေ ပါလာကြမယ် ဆိုတာတွေကို ဂျာနယ် စာစောင်တွေ ဖတ်ပြီး ရင်ခုန် စိတ်လှုပ်ရှား ခဲ့ကြရတာပါ ။

အက်မင် အဖို့တော့ ဒါဟာ ၁၉၉၈ အပြီး ဒုတိယ မြောက် ကြည့်ခဲ့ရတဲ့ ကမ္ဘာ့ဖလား ပါပဲ ၊ ၉၈ တုန်းက တီဗွီ က ပြသလောက်ပဲ ကြည့်ခဲ့ရတာပါ ။ မှတ်မှတ် ရရ ဘရာဇီး – စကော့တလန် ၊ ပြင်သစ် – ဘရာဇီး ၂ ပွဲပဲ ကြည့်ခဲ့ဖူးပါတယ် ။ ပြင်သစ် က ဘရာဇီး ကို ၃-၀ နဲ့ နိုင်သွားတာကိုပဲ မှတ်မိပြီး ဘယ်သူတွေ သွင်းလဲ ဆိုတာတောင် သေချာမမှတ်မိပါဘူး ။ တတိယဂိုး ကို ဆံပင်အရှည်နဲ့ ကိုယ်တော် သွင်းခဲ့တာ ကိုပဲ မှတ်ဉာဏ်ထဲ စွဲခဲ့ ပါတယ် ။

၂၀၀၂ မှာတော့ ကမ္ဘာ့ဖလား ရဲ့ အရသာကို တဝကြီး ခံစားမယ်လို့ အားခဲထားတဲ့ အက်မင်တို့ အတွက် ဓမ္မာရုံ က ၈ ပေ စလောင်းကြီး က ပါဝင် အားဖြည့် ခဲ့ပါတယ် ။

လူငယ်တွေ ဘောလုံးကစားရာ ဓမ္မာရုံ မြေကွက်လပ် ဘေးမှာ လာထောင်ထားတဲ့ စလောင်းကြီး ဟာ အဲ့ဒိအချိန်တုန်းကတော့ ဘောလုံးမမှန်အောင် တယုတယ ဂရုစိုက်ခဲ့ရတဲ့ မဟာအဖိုးတန် ပစ္စည်းကြီးလိုပါပဲ ။

ဒါပေမယ့် တကယ်တမ်း ပြိုင်ပွဲစချိန်မှာတော့ ခဲလေသမျှ သဲရေကျခဲ့ရ ပါတယ် ။ ဂျပန် – ကိုရီးယား တို့ရဲ့ စံတော်ချိန်တွေကြောင့် မြန်မာ နိုင်ငံမှာ နေ့လည် နဲ့ ညနေပိုင်းပွဲတွေ ဖြစ်လာခဲ့ပြီး ဆရာမတွေရဲ့ ကြိမ်းမောင်းမှုတွေ ၊ ကျောင်းပြေးတာကို ရာဇဝတ်မှုကြီး တခုလို ဂျင်းထည့် ခံရမှုတွေကြောင့် နေ့ခင်းပွဲ အားလုံးကို အက်မင် တယောက် လွတ်ခဲ့ရ ပါတယ် ။

ညပိုင်း သတင်းမှာ ပြန်ပြတဲ့ အခါ ၊ စာစောင်မှာ ပါလာတဲ့ အခါတွေမှသာ နေ့ခင်း ပွဲတွေ အကြောင်းကို သိခဲ့ရပြီး နောက်ပိုင်း အင်တာနက် ကို ကောင်းကောင်း သုံးနိုင်တဲ့ အချိန်ရောက်တော့မှသာ ပွဲတွေကို ပြန်ကြည့်ခွင့် ရခဲ့ပါတယ် ။

နေ့လည်ပိုင်း ပွဲတွေ လွတ်လို့ ညနေပိုင်းပွဲတွေ မီလားဆိုတော့လည်း မမီပြန်ပါဘူး ။ ကျူရှင် ဆိုတဲ့ အရာကြီး က ရှိနေပြန်ပါတယ် ။ ဒီလိုနဲ့ ကျောင်းတက်လိုက် ၊ ကျူရှင်သွားရလိုက်နဲ့ လုံးလည်ချာလည် လိုက်ရင်း ၄ နှစ်မှ တကြိမ် ကျင်းပတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး အကြောင်းကို အိမ်က လူကြီးတွေ ၊ ကျောင်းပြေးပြီး ကြည့်တဲ့ သူငယ်ချင်းတွေရဲ့ ပြောစကားတွေ နဲ့သာ အတော်များများ ကျေနပ်ခဲ့ရပါတယ် ။

ပြင်သစ် နဲ့ ဆီနီဂေါ တို့ရဲ့ အဖွင့်ပွဲ ၊ အင်္ဂလန် နဲ့ အာဂျင်တီးနား ပွဲ တွေလောက်သာ ကြည့်ခဲ့ရပြီး ၁၆ သင်းဆင့် ၊ ကွာတား ၊ ဆီမီး အားလုံး လွတ်ခဲ့ပါတယ် ။ ဘရာဇီး ၂-၁ အင်္ဂလန် ပွဲကို လွတ်သွားရတာကတော့ အနာဆုံး ပါပဲ ။

တတိယ နေရာလုပွဲ နဲ့ ဗိုလ်လုပွဲတွေ ကတော့ ညနေပွဲတွေ ဖြစ်သွားခဲ့လို့ ၂ ပွဲစလုံး ကြည့်ခဲ့ရ ပါတယ် ။

ဒါပေမယ့် အဲ့ဒိအချိန်တုန်းက နေရာတိုင်းမှာ ကမ္ဘာ့ဖလားပိုးတွေ လွှမ်းမိုး နေခဲ့ပြီး ဘယ်သွားသွား ဘာလုပ်လုပ် ကမ္ဘာ့ဖလား အကြောင်းတွေကို နားနဲ့ အပြည့် ကြားခဲ့ရတာပါ ။

ဒိုကြီး က ဘယ်လို လုပ်သွားတာ ၊ တူရကီ ဂိုးသမား ဘယ်လောက်ကောင်းတာ ၊ ကိုရီးယား နဲ့ အီတလီ ပွဲမှာ ဒိုင်က ဘယ်လို ညစ်တာတွေ ၊ ဒေးဗစ် ဘက်ခမ်း ရဲ့ စတိုင်ကျတာတွေ ၊ ဘရာဇီးက ရီဗယ်ဒို ဘယ်လောက် အကျင့်မကောင်းဘူး ဆိုတာတွေ ဟာ ၂၀၀၂ ငယ်ဘဝရဲ့ အမှတ်တရတွေ ပါပဲ ။

ပြိုင်ပွဲ ကတော့ တကယ့်ကို ရသစုံခဲ့ ပါတယ် ။ အငြင်းပွားစရာတွေ အများကြီး ဖြစ်ခဲ့တဲ့ ကမ္ဘာ့ဖလား ၊ အံ့အားသင့်စရာတွေ နဲ့ ကမ္ဘာ့ဖလား ၊ ချန်ပီယံ ကျိန်စာ စတင်ခဲ့တဲ့ ကမ္ဘာ့ဖလား . . . . . ပြောရရင်တော့ အများကြီးပါပဲ ။

အုပ်စုမဲခွဲတာတွေပြီးလို့ အာဂျင်တီးနား နဲ့ အင်္ဂလန် တို့ တအုပ်စုတည်း ကျတာကို သိရပြီး ကတည်းက ၂၀၀၂ ပြိုင်ပွဲရဲ့ မီးစာဟာ အရှိန်ပြင်းပြင်း နဲ့ လောင်ကျွမ်း နေခဲ့တာပါ ။ ၁၉၉၈ တုန်းက ရှုံးကြွေးကို အင်္ဂလန် ချေဖျက် နိုင်မှာလား ၊ အဲ့ဒိတုန်းက အနီကတ်ထိ ထွက်ခဲ့ရပြီး ဗီလိန် ဖြစ်ခဲ့တဲ့ ဒေးဗစ် ဘက်ခမ်း ကရော ဒီတခါမှာ အင်္ဂလန် ကို ဘယ်လို ဦးဆောင်မှာလဲ စတဲ့ မေးခွန်းတွေဟာ သတင်းသမားတွေ အကြိုက် ခေါင်းစဉ်တွေ ဖြစ်ခဲ့ကြပါတယ် ။

အက်မင် အတွက် မှတ်မှတ် ရရ ရှိခဲ့တဲ့ သတင်းတခုကတော့ ပေါ်တူဂီ ပါတဲ့ အုပ်စု D ရဲ့ သုံးသပ်ချက် တခုပါပဲ ။

“ပေါ်တူဂီ က အမေရိကန် ကို ဘောလုံးပညာပေးမယ့်ပွဲ” ဆိုတဲ့ ခေါင်းစဉ် နဲ့ ဖတ်ခဲ့ရတာပါ ။ ပွဲလည်းပြီးသွားရော အက်မင် တယောက် ဘောပင် ယူပြီး သုံးသပ်ချက် ထဲက “က” နဲ့ “ကို” ကို နေရာပြောင်းပေး ခဲ့ရပါတယ် ။ အမေရိကန် က ပေါ်တူဂီ ကို ၃-၂ နဲ့ နိုင်သွားခဲ့တာမလို့ပါ ။

အာရှ မြေပေါ်မှာ နာမည်ကြီး အသင်းတွေ ထွက်ရချက်တွေက မြင်မကောင်းပါဘူး ။ Defending ချန်ပီယံ ဘာညာ ဆိုတဲ့ ပြင်သစ်ကြီး က ဦးဆုံး ထွက်ရပါတယ် ။ အခု ခေတ်စားနေတဲ့ ကမ္ဘာ့ဖလား ချန်ပီယံ ကျိန်စာ ဆိုတာ အဲ့ဒိ က စခဲ့တာပါ ။

အာဂျင်တီးနား လည်း အင်္ဂလန် ကို ရှုံးပါတယ် ။ ဘက်ခမ်း က တလုံးတည်းသော ဂိုးကို ပင်နယ်တီ ကနေ သွင်းပြီး လှလှပပ လက်စားချေသွားခဲ့တာပါ ။ အဲ့ဒိ ရှုံးပွဲဟာ အာဂျင်တီးနား ကို အုပ်စုက ထွက်ရစေတဲ့ အဓိက အကြောင်းအရင်း ဖြစ်စေခဲ့ ပါတယ် ။

အာဖရိက နိုင်ငံများဖလား ကို ၂၀၀၀ နဲ့ ၂၀၀၂ မှာ ဆက်တိုက် ရယူထားပြီး ဂျာစီ ဒီဇီုင်း အမိုက်စား နဲ့ ပြိုင်ပွဲ ဝင်ခဲ့တဲ့ ဆင်မြူရယ် အီတူး တို့ရဲ့ ကင်မရွန်းလည်း အုပ်စု ကနေ လှည့်ပြန်ခဲ့ရ ပါတယ် ။

ခြေစစ်ပွဲတုန်းက နယ်သာလန် ကိုတောင် ဖြုတ်ချ ခဲ့တဲ့ အိုင်ယာလန် အသင်းကို မကျော်နိုင်ခဲ့တာကြောင့်ပါ ။

အိုင်ယာလန် အကြောင်းပြောရရင်လည်း အမှတ်တရတွေ ပါပဲ ။ အဲ့ဒိတုန်းက ရွိုင်ကင်း ၊ ရော်ဘီကင်း တို့ရဲ့ အိုင်ယာလန် ဟာ ခြေစစ်ပွဲ မှာ ပေါ်တူဂီ ၊ နယ်သာလန် တို့နဲ့ အတူ ကျခဲ့ပြီး တကယ့် ထိပ်တန်း ကစားသမားတွေ အများကြီးပါတဲ့ နယ်သာလန် ကို ကျော်ကာ ခြေစစ်ပွဲအောင်ခဲ့ပါတယ် ။

ဒါပေမယ့် ပြိုင်ပွဲ နီးလာချိန်မှာတော့ အသင်းခေါင်းဆောင် ရွိုင်ကင်း ဟာ နည်းပြ မက္ကာသီ နဲ့ အကြီးအကျယ် ပြဿနာ တက်ပြီး လက်ရွေးစင် အသင်းကနေ အိမ်ပြန်ပို့ ခံခဲ့ရ ပါတယ် ။

အိုင်ယာလန် မှာ ခွေးကလေး နဲ့ လမ်းလျှောက် နေတဲ့ ရွိုင်ကင်း ဓါတ်ပုံ ကို စာစောင်တွေမှာ မြင်ခဲ့ရပြီး နောက်ခံလူ အီယန်ဟတ် ရဲ့ “ရွိုင်ကင်း မပါလည်း ဘာမှမဖြစ်ဘူး” ဆိုတဲ့ စကားက အက်မင် ရဲ့ စိတ်ကို စနိုးစနှောင့် ဖြစ်စေခဲ့ ပါတယ် ။

စပိန် ကို ၁၆ သင်းဆင့်မှာ ရှုံးပြီး အိုင်ယာလန် တို့ အိမ်ပြန် ခဲ့ရတုန်းက ကျေနပ် ပျော်ရွှင်ခဲ့ရတာကိုတော့ အမှန်အတိုင်း ဝန်ခံရမှာပါပဲ ။

ဂျာမနီ ရဲ့ မီရိုဆလက် ကလိုဆေး ကို အဲ့ဒိ ပြိုင်ပွဲမှာ လူတွေ စသိခဲ့ကြတာပါ ။ အဖွင့်ပွဲမှာ ဆော်ဒီ အာရေဗျ ဘက်ကို တယောက်တည်း ၃ ဂိုး သွင်းတယ် ၊ ၃ ဂိုးစလုံးကို ခေါင်းတိုက် သွင်းပြီး ဂျွမ်းခုတ် အောင်ပွဲ ခံခဲ့တာတွေ က ကမ္ဘာ့ဖလားရဲ့ ပုံရိပ်တခု အဖြစ် ထင်ကျန်ရစ်ခဲ့ ပါတယ် ။

အမေရိကန် ၊ တောင်ကိုရီးယား တို့ကို ဘောလုံးပညာတွေ ပေးမယ်ဆိုတဲ့ ပေါ်တူဂီလည်း ပြုတ်သွားခဲ့ပါတယ် ။

၁၆ သင်းဆင့်မှာတော့ အခုချိန်ထိ ပြောစမှတ် ဖြစ်ခဲ့ရတဲ့ တောင်ကိုရီးယား နဲ့ အီတလီ တို့ရဲ့ ပွဲပါဝင်လာခဲ့ ပါတယ် ။ အဲ့ဒိအချိန် တုန်းက ကမ္ဘာ့ အကောင်းဆုံး အသင်းတသင်း ဖြစ်ခဲ့တဲ့ အီတလီ ၊ ကမ္ဘာ့ အကောင်းဆုံး ကစားသမားတွေ တပြုတ်ကြီး ပါလာခဲ့တဲ့ အီတလီ ကို အိမ်ရှင် တောင်ကိုရီးယား က အချိန်ပိုထိ ခံကစားခဲ့ပြီး ၂-၁ နဲ့ အနိုင် ရသွားခဲ့တာပါ ။

အီကွေဒေါ လူမျိုး ကွင်းလယ်ဒိုင် မိုရီနို ရဲ့ အိမ်ရှင်ဘက်ကို သိသာလွန်းတဲ့ ဘက်လိုက်မှုတွေ ၊ အန်ဂျန်းဝါ ရဲ့ အဖိုးတန် ရွှေဂိုး အကြောင်းတွေက မနေ့ တနေ့ကလိုပါပဲ ။

One goal enough စကားပုံနဲ့ ဗိုလ်လုပွဲ ရောက်ခဲ့သူကတော့ ဂျာမနီ ပါ ။ အုပ်စုပွဲတုန်းက ဂိုးတွေ လွှတ်သွင်းခဲ့ပေမယ့် ရှုံးထွက် ပွဲ ၃ ပွဲစလုံးမှာ တပွဲကို တဂိုးသာ သွင်းခဲ့ပြီး ၁-၀ ရလဒ်တွေ နဲ့ ချည်း အနိုင် ရခဲ့ ပါတယ် ။ မိုက်ကယ် ဘားလက် ကတော့ ကွာတား နဲ့ ဆီမီးဖိုင်နယ်တွေမှာ ဂျာမနီ ရဲ့ သူရဲကောင်း ဖြစ်ခဲ့ပါတယ် ။

ဗိုလ်လုပွဲ ကတော့ အားလုံး သိကြတဲ့ အတိုင်းပါပဲ ၊ ဘရာဇီး က ဂျာမနီ ကို အသာစီး နဲ့ ကစားပြီး ရိုနယ်ဒို ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ အတူ ဗိုလ်စွဲသွားခဲ့ ပါတယ် ။

တတိယ နေရာ ကို တူရကီ က အိမ်ရှင် တောင်ကိုရီးယား ကို ၃-၂ နဲ့ နိုင်ကာ ရရှိခဲ့ပြီး အဲ့ဒိ ပွဲမှာ တူရကီ သွင်းခဲ့တဲ့ ၁၀.၈ စက္ကန့် သွင်းဂိုးဟာ အခုချိန်ထိ ကမ္ဘာ့ဖလားရဲ့ အမြန်ဆုံး သွင်းဂိုး အဖြစ် မှတ်တမ်း ဝင်ခဲ့ ပါတယ် ။

၂၀၀၂ အကြောင်းပြောရရင် တူရကီ ကိုလည်း ချန်ထားလို့ မရပါဘူး ။ Underdog တသင်း အဖြစ် ပါဝင်ခဲ့တဲ့ တူရကီ ဟာ အုပ်စုအဆင့်မှာ ကတည်းက ဘရာဇီး ကို ခံ ကစားပြီး ၂-၁ နဲ့ ကပ် ရှုံးကာ ဘောလုံး ပရိသတ်တွေကို သတိပြုမိ စေခဲ့ ပါတယ် ။

ရီဗယ်ဒို ရဲ့ အားကစားသမား မပီသတဲ့ ဟန်ဆောင် အမူအရာ ပိုမှုတွေကြောင့် တူရကီ ဘက်က ၂ ယောက် အနီကတ် နဲ့ ထုတ်ခံ ခဲ့ရတာလည်း အမှတ်တရ ပါပဲ ။

ဆီမီးဖိုင်နယ် အဆင့်မှာလည်း ဒီ ၂ သင်း ပြန်တွေ့ ခဲ့ကြပါတယ် ။ ဒီတကြိမ် မှာတော့ ဒိုကြီး က ရိုမာရီယို စတိုင် သွင်းဂိုးလို့ နာမည်ကြီး ခဲ့တဲ့ ပြေးရင်းလွှားရင်း ခြေထိပ်နဲ့ ထိုးကာ ကန်သွင်းတဲ့ ဂိုးနဲ့ တူရကီ ကို အနိုင် ယူပြီး ဗိုလ်လုပွဲကို အရောက်လှမ်း သွားနိုင်ခဲ့ပါတယ် ။

ရိုနယ်ဒို ကတော့ ၂၀၀၂ ရဲ့ မပါမဖြစ် စူပါ စတား ပါပဲ ။ The Players’ Tribune က သူပြန်ပြောပြတဲ့ သူ့အကြောင်းတွေကို ဖတ်ပြီးတော့မှ အဲ့ဒိတုန်းက ဘာကြောင့် အုန်းမုတ်ခွက် ဆံပင်ကေ ထားခဲ့ရတယ် ၊ ဒဏ်ရာ အိပ်မက်ဆိုးကြီးကနေ သူ ဘယ်လို ရုန်းကန် ကြိုးစားခဲ့ရတယ် ၊ ၂၀၀၂ ကမ္ဘာ့ဖလားကြီးဟာ သူ့ဘ၀ အတွက် ဘယ်လောက်ထိ အရေးပါ ခဲ့တယ် ဆိုတာတွေကို သိခဲ့ရ ပါတယ် ။

ဘောလုံးပရိသတ်တွေကို အခုထိ စွဲမက်စေခဲ့တဲ့ ၂၀၀၂ ရဲ့ နောက်ထပ် အမှတ်တရ တခုကတော့ ရော်နယ်ဒင်ညို ရဲ့ ဖရီးကစ် ဂိုးပဲ ဖြစ်မှာပါ ။

အင်္ဂလန် ကို အိမ်ပြန်ပို့ ခဲ့တဲ့ ကွာတားဖိုင်နယ် မှာ ဘရာဇီး ရဲ့ ဒုတိယဂိုးကို ဒင်ညို က သွင်းပေးခဲ့တာ ဖြစ်ပြီး အင်္ဂလန် ဂိုးနဲ့ အရမ်းဝေးတဲ့ နေရာက တည်ကန်ဘော ကို ဂိုးထဲ ဝေ့ဝိုက်ပြီး ဝင်သွားအောင် ကန်သွင်းခဲ့တာပါ ။

ဒီဂိုး ကို ဒင်ညို တမင် ကန်ခဲ့တာ ၊ ကံကောင်းပြီး ဝင်သွားခဲ့တာ ဆိုတဲ့ ငြင်းခုန်မှုတွေ ကလည်း အတော်ကြာတဲ့ အထိ မပြီးခဲ့ပါဘူး ။

ရှေ့ကို တက်ပြီး ပုတ်ထုတ် တတ်တဲ့ အင်္ဂလန် ဂိုးသမား ဒေးဗစ် ဆီးမင်း အကြောင်းကို သိနေတာကြောင့် ဆီးမင်း နောက်ကို ဆုတ်သွားအောင် ရည်ရွယ်ပြီး ကန်ခဲ့တာပါလို့ နောက်ပိုင်းမှာ ထုတ်ဖော် ပြောသွားခဲ့ ပါတယ် ။ ဘာပဲ ဖြစ်ဖြစ် အရမ်းလှတဲ့ ဂိုးတဂိုး ဖြစ်ခဲ့တာကတော့ အသေအချာပါပဲ ။

၂၀၀၂ ပြိုင်ပွဲဟာ ရွှေဂိုး စနစ် ကို နောက်ဆုံး အသုံးပြုတဲ့ ကမ္ဘာ့ဖလား လည်း ဖြစ်ခဲ့ပါတယ် ။

နှစ်ပေါင်း ၂၀ တောင် ကြာခဲ့ပြီ ဆိုပေမယ့် အဖြစ်အပျက်တွေ က မနေ့တနေ့ တုန်းကလိုပါပဲ ။

မကြာခင်မှာပဲ နောက်ထပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ တခု ရောက်လာပါတော့မယ် ။ နောက်ထပ် ကမ္ဘာ့ဖလား အမှတ်တရတွေ လည်း ဖြစ်လာဦးမှာပါ ။

ပြိုင်ပွဲက တလပဲ ကြာပါတယ် ။ အမှတ်တရတွေကတော့ တဘဝလုံးစာ ပါပဲ . . . . . ။

 

SPORTS MYANMAR