Full Time: Real Madrid 0-1 Barcelona

အခု နွေရာသီမှာ ကြည့်ခဲ့ပြီးသမျှ ရာသီကြို ခြေစမ်းပွဲတွေ ထဲမှာ ဒီပွဲက အကောင်းဆုံး ပါပဲ ။ မိနစ် ၉၀ လုံး ကစားပုံ ကျမသွားဘဲ ပရိသတ်တွေကို ဖျော်ဖြေမှု အပြည့် ပေးစွမ်းသွားခဲ့ ပါတယ် ။ အဆုံးသတ် မှာတော့ ဘာစီလိုနာ က ရီးရဲ မက်ဒရစ် ကို ၁-၀ ရလဒ် နဲ့ အနိုင် ရရှိ သွားခဲ့ ပါတယ် ။

ရီးရဲမက်ဒရစ် ရော ဘာစီလိုနာပါ အတောင့်တင်းဆုံး အင်အားနဲ့ ပွဲထွက်ခဲ့ ပါတယ် ။ လာမယ့် ရာသီသစ်မှာ အဓိက အသုံးပြုမယ့် လူစာရင်းဆိုရင်လည်း မမှားပါဘူး ။

 

ရီးရဲမက်ဒရစ် က မိုဒရစ် + ကရူးစ် + ကက်စမဲရိုး အလွန် အနာဂါတ် ကွင်းလယ်ကို ချပြသွားခဲ့ပြီး ဗယ်ဗာဒီ ၊ ချူဝါမာနီ နဲ့ ကာမာဗင်ဂါ တို့ကို ပွဲထုတ်ခဲ့ ပါတယ် ။

နောက်တန်းမှာတော့ ကာဗာရယ် မပါနိုင်တဲ့ ညာခြမ်းကို ဗက်စကွက် ထည့်ခဲ့ပြီး ခံစစ်ဗဟို မှာတော့ မီလီတို နဲ့ အလာဘာ တို့ကို ထားကာ ဘယ်ခြမ်းမှာ ချဲလ်ဆီး ကနေ ရောက်လာတဲ့ ရူဒီဂါ ကို ထည့်သုံးသွားခဲ့ ပါတယ် ။

ရှေ့တန်းမှာတော့ ဘန်ဇီးမား မပါခဲ့ဘဲ ရိုဒရီဂို ၊ ဟာဇက် နဲ့ ဗီနီဆီယပ် ဂျူနီယာ တို့ အတွဲကို ပွဲထုတ်သွားခဲ့ ပါတယ် ။

 

ဘာစီလိုနာ ကတော့ အင်ပြည့်အားပြည့်လို့ ဆိုနိုင်ပြီး တိုက်စစ်မှာ လူသစ်တွေ ဖြစ်တဲ့ လီဝန်ဒေါ့စကီး နဲ့ ရာဖင်ညာ တို့ကို အန်ဆုဖာတီ နဲ့ တွဲဖက် ပွဲထွက်စေခဲ့ ပါတယ် ။

ကွင်းလယ်မှာ ပက်ဒရီ ၊ ဂါဗီ လူငယ်ကြယ်ပွင့်တွေကို ဘယ်တော့မှ မအိုတဲ့ ဝါရင့်ကြီး ဘက်စကွက် နဲ့ အတူ ပွဲထုတ်ခဲ့ ပါတယ် ။ ဒီ အခင်းအကျင်းဟာ ဇာဗီ အကြိုက်ဆုံး ကွင်းလယ်ပုံစံ ဖြစ်ပြီး ဖရန်ကီ ဒီယွန် ရဲ့ အခန်းကဏ္ဍ ဟာ အရန်ခုံမှာ ပိုများလာပြီဆိုတာကို ထပ်မံ သိမြင်စေခဲ့ ပါတယ် ။

ခံစစ်မှာတော့ အယ်လ်ဘာ ၊ အဲရစ် ဂါစီယာ ၊ လူသစ် ခရစ်ရှန်ဆန် နဲ့ အကယ်ဒမီထွက် ရော်နယ် အူရုဟို တို့ ပါဝင်လာခဲ့ကြပါတယ် ။

 

ဘာစီလိုနာ ဟာ ရာသီကြို ခြေစမ်းပွဲတွေ ကစားထားပြီး ဖြစ်တာကြောင့် ကစားပုံ ပိုမိနေပြီး ဇာဗီ ဆန္ဒ ရှိတဲ့ ပုံစံ အတိုင်း ကစားနိုင်နေတာကို အခုပွဲမှာ မြင်တွေ့ခဲ့ရပါတယ် ။

ရီးရဲ မက်ဒရစ် ကတော့ ရာသီကြို ပြင်ဆင်မှုရဲ့ ပထမဆုံး ပွဲဖြစ်တာကြောင့် ရစ်သမ် မမှန်သေးသလို ကစားသမားတွေ ကလည်း အကောင်းဆုံး စွမ်းဆောင်ရည်ကို မပြသနိုင်ခဲ့ကြပါဘူး ။

 

အထူးသဖြင့် ဘန်ဇီးမား မပါနိုင်တာက ရီးရဲ ရဲ့ တိုက်စစ် တွဲလုံးတွေကို တဝက်တပျက်နဲ့ ပြီးဆုံး သွားစေခဲ့ပြီး ဟာဇက် က False 9 နေရာမှာ အကောင်းဆုံး မကစားနိုင်ခဲ့ပါဘူး ။ ညာခြမ်းမှာ ကစားတဲ့ ရိုဒရီဂို ကလည်း ဗီနီဆီယပ် လို အဆင့်မျိုး မရှိသေးတာကို မြင်ခဲ့ရ ပါတယ် ။

ချဲလ်ဆီး မှာတုန်းက ဗဟို ခံစစ်မှူး အဖြစ်နဲ့ အသားကျနေတဲ့ ရူဒီဂါ ကို ဘယ်ခြမ်းပို့ပြီး ကစားစေတာကလည်း ရီးရဲ ရဲ့ အသင်းလိုက် ကစားပုံကို ကောင်းသင့်သလောက် ကောင်းမလာအောင် အဟန့်အတား ဖြစ်သွားစေခဲ့ ပုံရပါတယ် ။

 

ဘာစီလိုနာ ကတော့ အရမ်းမြန်တဲ့ Tempo နဲ့ ကစားသွားခဲ့ပြီး ရီးရဲ ဘက်ကို ဖိအားပေးရာမှာလည်း အရမ်း ကောင်းခဲ့ပါတယ် ။

ရီးရဲ ကစားသမား ၁ ယောက် ဘောလုံး ရသွားတာနဲ့ ဘာစီလိုနာ ကစားသမား ၃ ယောက်လောက်က ချက်ချင်းဆိုသလို ရောက်လာပြီး ဖိအားပေးနိုင်ခဲ့ပါတယ် ။

ဒါက တကယ်ကောင်းတဲ့ ကစားပုံပါပဲ ။

 

ဘာဆာ ရဲ့ ဖိအားပေး ကစားပုံကြောင့် ရီးရဲ ခံစစ် နဲ့ ကွင်းလယ်လူတွေ ဟာ အပေးမှားမှုတွေ ၊ မသေသပ်တဲ့ လူပေးမှုတွေ ဖြစ်ခဲ့ရ ပါတယ် ။

အဖွင့်ဂိုး ကိုလည်း ၂၇ မိနစ်မှာ ရီးရဲ နောက်တန်းရဲ့ လူပေးမှားမှု ကနေ ရာဖင်ညာ က လှလှပပ ကန်သွင်းရယူ သွားခဲ့တာပါ ။

ရာဖင်ညာ ကတော့ တချိန်တုန်းက ရော်နယ်ဒင်ညို လို ဖျော်ဖြေမှုပေးတဲ့ ဘရာဇီးသား တယောက် ဖြစ်တယ်ဆိုတာ ၊ ဘာစီလိုနာ အတွက် မှန်ကန်တဲ့ ခေါ်ယူမှု ဖြစ်တယ်ဆိုတာကို ပြသသွားခဲ့ ပါတယ် ။

 

ဘိုင်ယန် ကနေ ပြောင်းလာတဲ့ တိုက်စစ်မှူးသစ် လီဝန်ဒေါ့စကီး ကလည်း သူ့ရဲ့ ကမ္ဘာ့အဆင့် အဆုံးသတ် စွမ်းရည်တွေကို ဒီပွဲမှာ မပြခဲ့ရပေမယ့် အသင်းအတွက် အများကြီး အကျိုးပြုမယ့် ကစားသမား တယောက် ဖြစ်တယ်ဆိုတာကို ပထမဆုံး ကစားတဲ့ ပွဲမှာတင် မြင်တွေ့စေခဲ့ ပါတယ် ။

 

ပထမပိုင်းမှာ ဘာဆာ ဘက်က ရာဖင်ညာ ၊ ရော်နယ် အာရူဟို ၊ ခရစ်ရှန်ဆန် တို့ ကစားပုံ ကောင်းခဲ့ပြီး ဘာဆာ ကွင်းလယ် ရဲ့ လုပ်အားနှုန်း ကလည်း တကယ်ကောင်းခဲ့ ပါတယ် ။

ရီးရဲ ဘက်မှာတော့ ရူဒီဂါ ၊ ရိုဒရီဂို ၊ ကာမာဗင်ဂါ တို့ ကောင်းခဲ့ကြပြီး ဟာဇက် ၊ ဗက်ဇ်ကွက် တို့ ကစားပုံတွေ က ထိပ်တန်းအဆင့်မှာ မရှိနေကြပါဘူး ။

 

ဒုတိယပိုင်းအစမှာ ၂ သင်းစလုံး ကစားသမားအချို့ အပြောင်းအလဲ လုပ်ခဲ့ပါတယ် ။

ရီးရဲ ဘက်က မိုဒရစ် ၊ ကက်စမဲရိုး ၊ ကရူးစ် တို့ရဲ့ ကွင်းလယ်အတွဲ ဝင်လာခဲ့သလို ဘာစီလိုနာ ဘက်မှာလည်း လူသစ် ကတ်ဆီ ၊ ပီကေး ၊ အော်ဘားမီးယန်း ၊ ဒီပိုင်း ၊ ဖရန်ကီ ဒီယွန် တို့ ဝင်လာခဲ့ကြပါတယ် ။

ဒီယွန် ကတော့ ဒီပွဲမှာလည်း ခံစစ်မှူး အဖြစ် ဆက်ကစားခဲ့ရပါတယ် ။

 

မိနစ် ၆၀ မှာ လူတွေ ထပ်လဲခဲ့ကြပြီး ဘာစီလိုနာ ရဲ့ လျှင်မြန်တဲ့ ဖိအားပေး ကစားပုံကို ရီးရဲ တို့ အဖြေထုတ်ရင်း ပွဲပြီးသွားခဲ့ပါတယ် ။ ဒုတိယပိုင်းမှာ လူတွေ အပြောင်းအလဲ ခဏခဏ ပြုလုပ်ခဲ့တာကြောင့် ၂ သင်းစလုံး ပထမပိုင်း လောက်တုန်းကလောက် ရစ်သမ် မမိကြတော့ပါဘူး ။ ဒါပေမယ့် ပုံကတော့ ကြည့်လို့ ကောင်းဆဲပါပဲ ။

ဘာစီလိုနာ ကတော့ ပထမ ၁၁ ယောက်ရော အရန်အင်အားမှာပါ အတော်လေး တောင့်တင်းနေပြီး နည်းပြ ဇာဗီ ဖြစ်စေချင်တဲ့ ကစားပုံကိုလည်း ဖော်ဆောင် နိုင်နေတာကို မြင်ခဲ့ရပါတယ် ။ ကွန်ဒေး ၊ ဘာနာဒို ဆေးလ်ဗား တို့သာ ထပ်ရောက်လာမယ် ဆိုရင်တော့ အရင်လို ဥရောပ အောင်ပွဲတွေ အထိ မျှော်လင့်နိုင်ဖို့ အလားအလာ ကောင်းသွားမှာပါ ။

 

ရီးရဲ ကတော့ ပထမဆုံး ရာသီကြို ခြေစမ်းပွဲ ဖြစ်တာကြောင့်လား မသိပါဘူး ၊ ရစ်သမ် မမိသေးသလို ကစားသမားတွေ ကလည်း အကောင်းဆုံး ပုံစံကို မပြနိုင်ခဲ့ပါဘူး ။

ကွင်းလယ် တခုသာ ပွဲထွက်-အရန် အားလုံး ထိပ်တန်းအဆင့် ဖြစ်နေပြီး ကျန် ၂ နေရာ မှာတော့ အရန်လူတွေရဲ့ အင်အားနည်းနေသေးပါတယ် ။

ရီးရဲအတွက် အရှုံးကနေ အမြတ်ထွက်စေခဲ့တာကတော့ ဘန်ဇီးမား သာ ဒဏ်ရာ ရသွားခဲ့ရင် ဆိုတဲ့ မေးခွန်း အတွက် ကြိုတင်ပြင်ဆင် နိုင်ဖို့ အချိန်ကောင်းကောင်း ရနေသေးတာပဲ ဖြစ်မှာပါ ။

 

ဘောလုံးလောကရဲ့ အားပြိုင်မှု အပြင်းထန်ဆုံး မဟာပြိုင်ဘက် ၂ သင်းတွေ့ဆုံ ကြတဲ့ ပွဲဖြစ်လို့ ဒီပွဲဟာ ခြေစမ်းပွဲ တပွဲနဲ့ လုံး၀ မတူခဲ့ပါဘူး ။ နိုင်လိုစိတ်ပြင်းမှုတွေ ၊ ခွန်အား နဲ့ နည်းစနစ်တို့ရဲ့ အားပြိုင်မှုတွေ အပြင် ရန်ပွဲတွေ ကလည်း တကယ့်ကို El Clasico ရဲ့ အငွေ့အသက် စစ်စစ်တွေကို ရရှိစေခဲ့ ပါတယ် ။

လာမယ့် ရာသီမှာတော့ ဒီ ၂ သင်းရဲ့ အားပြိုင်မှုဟာ လာလီဂါ ကို ပြန်စောင့်ကြည့်ဖို့ ထိုက်တန်သွားခဲ့ပါပြီ . . . . . . ။

 

SPORTS MYANMAR