၂၀၂၂-၂၃ ရာသီမှာ ချန်ပီယံဖြစ်မယ့် အသင်း ၊ top 6 ၀င်မယ့် အသင်းတွေနဲ့ တန်းဆင်းရမယ့် အသင်းတွေကို ခန့်မှန်းလိုက်တဲ့ ဖော်စတာ

ဘန်ဖော်စတာဟာ လာမည့် ၂၀၂၂-၂၃ ရာသီအတွက် final premier league table ကို ခန့်မှန်းပေးသွားခဲ့ပြီး မန်ချက်စတာစီးတီးဟာ အမှတ်ပေးဖလားကို ကာကွယ်နိုင်လိမ့်မယ်လို့ tip ပေးလိုက်ကာ တန်းတက် ဘုန်းမောက် အသင်းဟာ ဇယားအောက်ခြေမှာ ရပ်တည်သွားလိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ပက်ဂွာဒီယိုလာရဲ့ အသင်းဟာ လာမည့် သြဂုတ်လ ၅ ရက်နေ့မှာ စတင်သွားမယ့် ရာသီသစ်မှာ ပရီးမီးယားလိဂ် ဖလားကို နောက်ဆုံး ၆ နှစ် အတွင်း ၅ ကြိမ်မြောက် ဆွတ်ခူးနိုင်ဖို့ အတွက် ရည်မှန်းလျက် ရှိနေပါတယ်။

ပြီးခဲ့တဲ့ရာသီက မန်စီးတီးရဲ့ အောက် တစ်မှတ် အကွာမှာ ရပ်တည်ခဲ့တဲ့ လီဗာပူးဟာ ဒီရာသီ မှာလည်း ဂွာဒီယိုလာရဲ့ အသင်း အတွက် အဓိက ပြိုင်ဘက် ဖြစ်လာဖို့ များနေကာ ချဲလ်ဆီး မန်ယူနိုက်တက် တော့တင်ဟမ် အာဆင်နယ် တို့ကလည်း ဒီနွေရာသီမှာ ကောင်းမွန်တဲ့ အားဖြည့်မှုတွေ လုပ်ထားနိုင်ခဲ့တာကြောင့် ပြိုင်ပွဲဟာ ပိုပြီးတော့ အကြိတ်အနယ် ဖြစ်လာမှာ ဖြစ်ပါတယ်။

၀က်ဟမ်း လက်စတာ နယူးကာဆယ် နဲ့ ခရစ်စတယ်ပဲလေ့စ် တို့ကလည်း ဒီရာသီမှာ ဥရောပ၀င်ခွင့်ကို ခြိမ်းခြောက်နိုင်သွားဖို့ ရှိနေပြီး ဆောက်သမ် အဲဗာတ် လိဒ် တို့ကလည်း တန်းဆင်းဇုန်နဲ့ လွတ်ရာကျွတ်ရာကို ရှောင်ရှားနိုင်ဖို့ အလို ရှိနေကြပါတယ်။ တစ်ချိန်တည်းမှာပဲ ဘုန်းမောက် နော့တင်ဟမ်ဖောရက်စ် နဲ့ ဖူဟမ် တို့ကလည်း ချန်ပီယံရှစ်ကို ချက်ချင်း ပြန်မဆင်းရဖို့အတွက် ရည်မှန်းနေကြပါတယ်။

ပြီးခဲ့တဲ့ရာသီက ၀က်ဖို့ဒ်နဲ့ အတူ တန်းဆင်းခဲ့ရတဲ့ ဖော်စတာဟာ လက်ရှိမှာတော့ ၂၀၂၂-၂၃ ရာသီအတွက် final premier league table ကို ခန့်မှန်းပေးသွားခဲ့ပါတယ်။ ပထမဦးစွာ ဝါရင့် ဂိုးသမား ဖြစ်သူ ဖော်စတာက မန်ချက်စတာစီးတီးဟာ နောက်ထပ် တစ်ကြိမ် အမှတ်ပေးဖလားကို ဆွတ်ခူး သွားလိမ့်မယ်လို့ ခန့်မှန်း ပေးသွားခဲ့ပါတယ်။

အဲဒီနောက် ချဲလ်ဆီး လီဗာပူး နဲ့ တောတင်ဟမ် တို့ဟာ top 4 နေရာတွေမှာ အစဉ်လိုက် ရပ်တည်သွားလိမ့်မယ်လို့ မှတ်ချက်ပေးလိုက်ပြီး အာဆင်နယ် နဲ့ မန်ချက်စတာယူနိုက်တက် တို့ကတော့ နောက်ထပ် တစ်ကြိမ် ချန်ပီယံလိဂ် ၀င်ခွင့်နဲ့ လွဲချော်သွားလိမ့်မယ်လို့ ပြောခဲ့ပါတယ်။

Top 6 ခန့်မှန်းမှုနဲ့ ပက်သက်ပြီး ဖော်စတာက “မနှစ်ကလည်း ကျွန်တော် မန်စီးတီးတို့ ဗိုလ်စွဲမယ်လို့ ခန့်မှန်းခဲ့ပေမယ့် ကျွန်တော် ထင်ထားခဲ့သလောက်တော့ မလွယ်ကူခဲ့ပါဘူး။ ဒါပေမယ့် နောက်ဆုံးမှာ သူတို့ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ သူတို့ဟာ ဒီနွေရာသီမှာ စတားလင်းလို ကစားသမားမျိုးကို ဆုံးရှုံးထားခဲ့ပေမယ့်လည်း ဒီကွက်လပ်ကို ပြန်ဖြည့်ဖို့ အတွက် လုံလောက်တဲ့ အရည်အသွေး ရှိနေပါတယ်။ ဟာလန်း ကတော့ ပရီးမီးယားလိဂ်မှာ ဂိုးတွေ အများကြီး သွင်းယူနိုင်မှာပါ။ သူတို့ဟာ ဒီရာသီမှာ မနှစ်ကထက် ပြိုင်ဘက်တွေကို ဖြတ်ထားနိုင်မှာပါ။

ဒီရာသီမှာတော့ ကျွန်တော် ချဲလ်ဆီးကို ဒုတိယနေရာမှာ ထားသွင်းချင်ပါတယ်။ လီဗာပူးကို တတိယနေရာမှာ ထားရတဲ့ အကြောင်းရင်း ကတော့ သူတို့ဟာ မာနေးကို ဆုံးရှုံးထားခဲ့လို့ပါ။ အကူးအပြောင်း ကာလကို ဖြတ်သန်းရမှာ ဖြစ်တာကြောင့် သူတို့ ဖလား စိန်ခေါ်နိုင်မယ်လို့ ကျွန်တော် မထင်မိပါဘူး။ ဒါပေမယ့် သူတို့ တတိယနေရာမှာတော့ ရပ်တည်နိုင်မှာပါ။ ဒါ၀င်နူးနက်ရဲ့ ပထမဦးဆုံးရာသီကတော့ စိတ်၀င်စားစရာပါပဲ။

ဒီနွေရာသီမှာ တော့တင်ဟမ်ဟာ စ်ိတ်လှုပ်ရှားစရာ ခေါ်ယူမှုတွေ စောစော လုပ်ထားခဲ့ပြီး ရာသီသစ် အတွက် အဆင်သင့် ဖြစ်နေကြမှာပါ။ ဆွန်ဟောင်မင်းကလည်း မနှစ်ကလို form မျိုးကို ဆက်လက် ပြသနိုင်မှာပါ။ ကျွန်တော် ကတော့ စပါးကို အဆင့် ၄ နေရာ အတွက် ရွေးချယ်ထားပါတယ်။ ဒါပေမယ့် သူတို့ အမှတ်ပေးဖလားကိုတော့ စိန်ခေါ်နိုင်မှာ မဟုတ်ပါဘူး။” လို့ ဆိုခဲ့ပါတယ်။

တန်းဆင်းဇုန်နဲ့ ပက်သက်ပြီး ခန့်မှန်းရာမှာတော့ ဖော်စတာက ချန်ပီယံရှစ် ကနေ winners အဖြစ် တန်းတက်လာခဲ့တဲ့ ဖူဟမ်ဟာ ပရီးမီးယားလိဂ် ကနေ တန်းဆင်းရမှာ မဟုတ်ဘူးလို့ ခန့်မှန်းခဲ့ပါတယ်။ ဒါပေမယ့် ၎င်းတို့နဲ့ အတူ တန်းတက်လာခဲ့တဲ့ အသင်းတွေ ဖြစ်ကြတဲ့ နော့တင်ဟမ်ဖောရက်စ် နဲ့ ဘုန်းမောက် တို့ဟာ ဆောက်သမ်တန် နဲ့ အတူ ချန်ပီယံရှစ်ကို ပြန်သွားရလိမ့်မယ်လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

SM