၁၀၀% မပြီးသေးတဲ့ ကွန်ဒေး လွန်ဆွဲပွဲ ၊ စကာမာကာ ကို ရတော့မယ့် ဝက်စ်ဟမ်း ၊ ဆာကာ အတွက် စာချုပ်သစ် ၊ ၁၂ ယောက်မြောက်ထပ်ခေါ်ဦးမယ့် ဖောရက်စ် တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ဆီဗီးလား ခံစစ်မှူး ဂျူးလ် ကွန်ဒေး ဟာ ချဲလ်ဆီး အသင်းဆီ ရောက်ရှိ တော့မယ်လို့ ယမန်နေ့ ညပိုင်းက သတင်းတွေ ထွက်လာခဲ့ ပါတယ် ။ ဒါပေမယ့် အဲ့ဒိနောက်မှာတော့ အပြောင်းအရွှေ့ ဟာ ၁၀၀% သဘောတူညီမှု ရရှိ ထားတာ မဟုတ်သေးတာကြောင့် ဘာစီလိုနာ ဘက်က ကြိုးစားခွင့် ရှိနေ သေးတယ်ဆိုတဲ့ သတင်း အချို့လည်း ထပ်မံ ထွက်ပေါ် လာခဲ့ ပြန်ပါတယ် ။

ဘာစီလိုနာ ဟာ ယမန်နေ့ က သူတို့ရဲ့ လာလီဂါ ရုပ်သံ မူပိုင်ခွင့် ထဲက နောက်ထပ် ၁၅% ကို ၂၅ နှစ်စာ သက်တမ်း အတွက် ရောင်းထုတ် နိုင်ခဲ့တယ်လို့ သိရပါတယ် ။

ဘာစီလိုနာ ဟာ သူတို့ စတူဒီယို မူပိုင်ခွင့်ရဲ့ ရာခိုင်နှုန်း အချို့ ကို ယူရို သန်း ၁၀၀ နဲ့ ရောင်းထုတ်ဖို့လည်း စီစဉ် နေပြီး အဆိုပါ ရောင်းချမှု ပြီးစီး သွားပါက ကစားသမားသစ်တွေကို မှတ်ပုံတင် စာရင်းသွင်း နိုင်မယ်လို့ ကြားသိရ ပါတယ် ။

ဘာစီလိုနာ အသင်းဟာ ကွန်ဒေး ကို ရဖို့ အလားအလာ အလွန်နည်းပါး သွားခဲ့တာကြောင့် ဘီဘာအို အသင်း နောက်ခံလူ အီနီဂို မာတီနက် ကို ပြောင်းလဲ စိတ်ဝင်စား လာတယ်လို့လည်း သတင်းထွက်လာပါတယ် ။

ဒါပေမယ့် ဘီဘာအို ဘက်က သူတို့ ရဲ့ ၃၁ နှစ် အရွယ် ခံစစ်မှူး အတွက် တောင်းဆိုထားတဲ့ ပမာဏဟာ ဘာစီလိုနာ လက်ခံဖို့ ခဲယဉ်းတဲ့ ပမာဏ ဖြစ်နေတယ်လို့ သိရှိရ ပါတယ် ။

ဘာစီလိုနာ ဟာ မာလာဂါ လူငယ် ကစားသမားလေး ရော်ဘတ်တို ဖာနန်ဒက်စ် ကို ၂၀၂၃ ခုနှစ် ဇွန်လ အထိ အငှား ခေါ်ယူနိုင်ခဲ့ ပါတယ် ။ ဖာနန်ဒက်စ် ဟာ ဘာစီလိုနာ လူငယ် အသင်းအတွက် ကစားပေးမယ်လို့ သိရပါတယ် ။

မန်ချက်စတာ ယူနိုက်တက် နည်းပြကြီး အဲရစ် တန်ဟတ် ကတော့ သူ့အနေနဲ့ ခရစ္စတီယာနို ရိုနယ်ဒို ကို ထပ်ပြီး မစောင့်ဆိုင်း လိုတော့ကြောင်း ၊ ပေါ်တူဂီသားကြီး အနေနဲ့ အသင်းနဲ့ လေ့ကျင့်ခန်း ပြန်လာဆင်းဖို့ မျှော်လင့် နေပြီ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

တန်ဟတ် ဟာ ရာသီကြို ခြေစမ်းပွဲတွေမှာ တပွဲ တဂိုးနှုန်း သွင်းပေး နေတဲ့ တိုက်စစ်မှူး အန်တိုနီ မာစီရယ် ကို သဘောကျ နှစ်သက် နေပြီး အသင်းမှာ ဆက်ထားဖို့ စိတ်ကူး ရှိတယ်လို့ သိရပါတယ် ။

ကလပ် အသင်း ၂ သင်းဟာ မာစီရယ် ကို အငှားခေါ်ဖို့ ကမ်းလှမ်း လာပေမယ့် ယူနိုက်တက် က ငြင်းပယ်ခဲ့တယ် လို့လည်း သိရပါတယ် ။

ဘာစီလိုနာ ကနေ ထွက်ခွာ လာတဲ့ ဝါရင့် ခံစစ်သမားကြီး ဒါနီ အဲလ်ဗက်စ် ကတော့ မက္ကဆီကို ကလပ် ပူးမက်စ် အသင်းထံ ၁ ရာသီ စာချုပ်နဲ့ ပြောင်းရွှေ့ ရောက်ရှိ သွားခဲ့ပြီပဲ ဖြစ်ပါတယ် ။

ချဲလ်ဆီး တိုက်စစ်မှူး တီမိုဗာနာ ဟာ လာမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ဂျာမနီ အသင်းမှာ ပုံမှန် ကစားခွင့် ရရှိ နိုင်ဖို့ အတွက် ချဲလ်ဆီး အသင်းမှာ ပုံမှန် ကစားခွင့် ရဖို့ ခက်ခဲ ပါက အသင်းပြောင်းဖို့ ဆန္ဒ ရှိနေတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က သူ့အနေနဲ့ နောက်ခံလူ အက်ဇ်ပီလီကွီတာ ကို စပိန်သား ဆန္ဒ ရှိနေတဲ့ အရာ ( ဘာစီလိုနာ ကို ပြောင်းဖို့ ) ကို ပေးဖို့ မသေချာကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ဝက်စ်ဟမ်း ယူနိုက်တက် အသင်းကတော့ ဆာဆူအိုလို တိုက်စစ်မှူး ဂီယန်လူကာ စကာမာကာ ကို ပေါင် ၃၅ သန်းခွဲ + အပိုဆုကြေး ၅ သန်း နဲ့ ခေါ်ယူ ဖို့ စီးရီအေ ကလပ် နဲ့ သဘောတူညီမှု ရရှိ ခဲ့တယ်လို့ ယမန်နေ့ ညပိုင်းက သတင်း ထွက်လာခဲ့ ပါတယ် ။

ဝက်စ်ဟမ်း ဟာ ဖရန့်ဖွတ် အသင်း တောင်ပံ ကစားသမား ဖိလစ် ကော့စ်တစ် ကိုလည်း ပေါင် ၁၂ သန်း နဲ့ ကမ်းလှမ်း ထားတယ်လို့ ကြားသိရ ပါတယ် ။

အာဆင်နယ် အသင်းဟာ လူငယ် ကြယ်ပွင့်လေး ဘူကာယို ဆာကာ ကို ကာလရှည် စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်း ထားတယ်လို့ သိရပါတယ် ။ ဆာကာ ရဲ့ လက်ရှိ စာချုပ်ဟာ တပတ်ကို လုပ်ခ ပေါင် ၇ သောင်းသာ ရရှိ ထားပြီး စာချုပ်သစ် ချုပ်ဆိုပြီးပါက ပေါင် ၁ သိန်း အထက် ရရှိမယ်လို့ သိရပါတယ် ။

အာဆင်နယ် နောက်ခံလူ ဝီလ်ယံ ဆလီဘာ ဟာလည်း အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီလို့လည်း သတင်းထွက်လာခဲ့ ပါတယ် ။

ရိုးမား နည်းပြ မော်ရင်ဟို ကတော့ PSG ကွင်းလယ်လူ ဝိုင်နယ်ဒမ် ကို အငှား နဲ့ ခေါ်ယူ နိုင်ဖို့ ကြိုးစား နေဆဲ ဖြစ်ပြီး ကစားသမား နဲ့ သဘောတူညီမှု ရယူထားပြီးပြီလို့ သိရပါတယ် ။

စီးရီးအေ ကလပ် စလာနီတာနာ အသင်းဟာ ဘရိုက်တန်တိုက်စစ်မှူး နီးလ် မူပေး ကို ပေါင် ၁၅ သန်း နဲ့ ကမ်းလှမ်းမှု ပြုလုပ် ထားကြောင်း ဘရိုက်တန် အသင်း သတင်းတွေ က ဖော်ပြ လာခဲ့ ပါတယ် ။

ဒီနှစ် နွေရာသီမှာ ကစားသမားသစ် ၁၁ ယောက် အထိ ခေါ်ယူထားတဲ့ ပရီးမီးယားလိဂ် တန်းတက် နော်တင်ဟမ် ဖောရက်စ် ဟာ ယူဗင်တပ် နဲ့ ၂ ဦး သဘောတူ စာချုပ် ဖျက်သိမ်းဖို့ နီးစပ် နေတဲ့ အာရွန် ရမ်ဆေး ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့လည်း သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ဖောရက်စ် ကစားသမားသစ် ဂျက်ဆီ လင်ဂတ် ကတော့ ကျောနံပါတ် ၁၁ ကို ဝတ်ဆင် ကစားသွားမယ်လို့ သိရပါတယ် ။

ချဲလ်ဆီး အသင်းရဲ့ လူငယ် ကစားသမားလေး တီနို အန်ဟိုရင် ကတော့ ဟတ်ဒါဖီးလ် အသင်းဆီကို တရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ ရောက်ရှိ သွားခဲ့ပြီလို့ သိရှိရ ပါတယ် ။

ဘရန့်ဖိုဒ့် အသင်းကလည်း ဘန်လေ ကနေ ထွက်ခွာ လာတဲ့ ခံစစ်မှူးကြီး ဘီမီ ကို ၂ နှစ် စာချုပ် နဲ့ ခေါ်ယူ နိုင်ခဲ့ပြီ ဖြစ်ကြောင်း အသိပေး ကြေညာ သွားခဲ့ ပါတယ် ။

ဒေါ့မွန် အသင်းကနေ စာချုပ်ပြည့်လို့ ထွက်ခွာလာတဲ့ နောက်ခံလူ ဇာဂါဒူ ကို အင်တာမီလန် နဲ့ ရိုးမား အသင်းတွေ ကလည်း စိတ်ဝင်စားမှု ရှိလာခဲ့တယ်လို့ သိရပါတယ် ။

နယ်သာလန် ကလပ် အိုင်ယက်စ် အသင်းဟာ ဘရိုင်ယန် ဘရော်ဘီ ကို ၅ နှစ် စာချုပ်နဲ့ ခေါ်ယူနိုင် ခဲ့ကြောင်း တရားဝင် ကြေညာ သွားခဲ့ပါတယ် ။ လိုက်ပ်ဇစ် ကနေ အိုင်ယက်စ် ကို ပြန်ပြောင်းလာတဲ့ ဘရော်ဘီ ဟာ ကျောနံပါတ် ၉ ကို ဝတ်ဆင် ကစားသွားမယ်လို့ သိရပါတယ် ။

ဟော့ဖမ်ဟမ်း အသင်းကတော့ ရှော်ကေစ ကစားသမား အိုဇန် ခါဘက် ကို ယူရီု ၇ သန်း + အပိုဆုကြေး တွေနဲ့ ကမ်းလှမ်းမှု ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ ကြားသိရ ပါတယ် ။

နယူးကာဆယ် နဲ့ လမ်းခွဲ ထားတဲ့ တိုက်စစ်မှူး ဒွိုက် ဂိုင်းလ် ကတော့ စတုတ်စီးတီး အသင်းထံ ၂ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ ရောက်ရှိ သွားခဲ့ပြီ ဖြစ်ပါတယ် ။

ယမန်နေ့ ညက ကစားခဲ့တဲ့ အမျိုးသမီး ယူရို ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် ပွဲစဉ်မှာတော့ ဆွီဒင် အသင်းဟာ ဘယ်လ်ဂျီယံ အသင်းကို ၁-၀ နဲ့ အနိုင် ကစားပြီး ဆီမီး ဖိုင်နယ် အဆင့်ကို တက်လှမ်း သွားခဲ့ ပါတယ် ။

ဆွီဒင် ဟာ ဆီမီး ဖိုင်နယ် မှာ အိမ်ရှင် အင်္ဂလန် အမျိုးသမီး အသင်းနဲ့ ရင်ဆိုင် ကစားသွားရမှာပဲ ဖြစ်ပါတယ် ခင်ဗျာ . . . . . ။

 

SPORTS MYANMAR