အာဆင်နယ် အသင်းကို ပြောင်းရွှေ့ဖြစ်ခဲ့တာမှာ အဓိက ကျခဲ့တဲ့သူက ဘယ်သူလဲဆိုတာ ပြောကြားလိုက်တဲ့ ဂျေးဇု

အာဆင်နယ် အသင်းဟာ ဒီကနေ့မှာ နွေရာသီ အပြောင်းအရွှေ့ကာလ ရဲ့ စတုတ္တမြောက် ခေါ်ယူမှု အဖြစ် မန်စီးတီး တိုက်စစ် ကစားသမား ဂါဘရီယဲလ် ဂျေးဇု ကို ခေါ်ယူ နိုင်ခဲ့ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာ လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ဂျေးဇု ကို ပေါင်၄၅ သန်း၊၅ နှစ်စာချုပ် နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဂျေးဇု ဟာ အာဆင်နယ် အသင်းမှာ ကျောနံပါတ် ၉ ဝတ်ဆင် ကစားသွားမှာပါ ။ ဂျေးဇု ကို ခေါ်ယူဖို့ အသင်း ၃ သင်းလောက်က စိတ်ဝင်စား ချဉ်းကပ်ခဲ့ပေမယ့် ဘရာဇီးသားဟာ အာဆင်နယ် အသင်းကိုပဲ ရွေးချယ် ခဲ့တာ ဖြစ်ပါတယ် ။

ဂျေးဇု က အာဆင်နယ် အသင်းကို ပြောင်းရွှေ့ ဖြစ်ခဲ့တာမှာ သူနဲ့ မန်စီးတီးမှာ လက်တွဲခဲ့ဖူးတဲ့ နည်းပြ အာတေတာ က အဓိက ကျခဲ့ကြောင်း ပထမဆုံး အင်တာဗျူး မှာ ပြောကြား သွားခဲ့ပါတယ် ။

” ကလပ် အသင်းအကြောင်း ၊ ကစားသမားတွေ အကြောင်း ၊ အသင်းရဲ့ အနာဂတ် အစီအစဉ်တွေ အကြောင်း ကျွန်တော်တို့ နှစ်ကြိမ်လောက် စကား ပြော ဖြစ်ခဲ့ကြပါတယ် ။ ကျွန်တော် ကတော့ မီခေးလ် အပေါ် ရာနှုန်းပြည့် ယုံကြည်မှု ရှိပါတယ် ။ ”

” ကျွန်တော် နဲ့ သူနဲ့က အရင်ကတည်းက ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိခဲ့သူပါ ၊ သူ(အာတေတာ) က တကယ်ကောင်းတဲ့ လူတစ်ယောက်ဖြစ်သလို နည်းပြကောင်း တစ်ဦးလည်း ဖြစ််ပါတယ်။မန်စီးတီးမှာတုန်းက သူ ကျွန်တော့် အပေါ် အများကြီး ကူညီပေးခဲ့ပါတယ် ။ ”

” ကျွန်တော်တို့ နှစ်ယောက် က လေ့ကျင့်ရေး အစီအစဉ်တွေ ပြီးရင်တောင် မပြန်သေးဘဲ အတူတကွ ရှိနေပြီး ကျွန်တော့်ရဲ့ အဆုံးသတ်ပိုင်း ဖြစ်ဖြစ် တခြားအရာ တစ်ခုပဲ ဖြစ်ဖြစ် ပိုကောင်းလာအောင် ထပ်လေ့ကျင့်လေ့ ရှိပါတယ် ။ ”

” သူက သိပ်ကို ပါးနပ် လိမ်မာတဲ့သူ တစ်ဦးပါ ၊ နောက်ပြီး အံ့ဖွယ် ကစားသမားလည်း ဖြစ်ခဲ့ပါတယ် ၊ ကျွန်တော့်ကိုပဲ ဖြစ်ဖြစ် တခြား လူငယ် ကစားသမားကိုပဲ ဖြစ်ဖြစ် ဘယ်လို သင်ကြား လမ်းညွှန်ပေးရမလဲ ဆိုတာ ကောင်းကောင်း သိပါတယ် ။ ”

” အာဆင်နယ် အသင်း နဲ့ စာချုပ် ချုပ်ဆို နိုင်ခဲ့တဲ့ အတွက် ဝမ်းသာပါတယ် ၊ ပထမနေ့ရက်ကတည်းက အာဆင်နယ် အတွက် ကစားပေးချင်တဲ့စိတ် ဒီအသင်းမှာ ကစားရမယ့် အပေါ် ပျော်ရွှင်စိတ် ဖြစ်နေခဲ့တာပါ ။ ကျွန်တော် ဒီက ဝန်ထမ်း တစ်ချို့ရော ကစားသမား အချို့နဲ့ရော သိပါတယ် ၊ ဘရာဇီး ကစားသမားတွေပေါ့ဗျာ ။ ”

” အသင်းမှာ ထိပ်တန်း ကစားသမားတွေ အများကြီး ရှိနေတယ်ဆိုတာ သိပါတယ် ၊ သူတို့ကလည်း ငယ်ရွယ်သူတွေ ဖြစ်ကြသလို ကျွန်တော်ကလည်း ငယ်ရွယ်သူ တစ်ဦးပါ ၊ ဒီအသင်းကို ကူညီပေးနိုင်မယ့်အတွက် ပျော်ရွှင်မိပါတယ် ၊ အသင်းကို ကူညီဖို့ လာတာ ဖြစ်သလို သင်ယူစရာတွေလည်း အများကြီး ရှိပါတယ် ၊ ကျွန်တောိ အကောင်းဆုံး ကြိုးစားသွားမယ်လို့ ကတိပေးပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM