အာဆင်နယ်ရဲ့ လမ်းစဉ် တခုကို အတုယူဖို့ ချဲလ်ဆီးနဲ့ တူချယ်ထံ အကြံပြုလိုက်တဲ့ အန်ဒီ တောင်ဆန်

ချဲလ်ဆီး အသင်းဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ စျေးကွက် စစချင်းမှာ ကစားသမား ၆ဦး အထိ အလွတ်နဲ့ ထွက်ခွာခွင့် ပေးခဲ့ကာ ၊ ကလပ်ကြေးအမြင့်ဆုံး ကစားသမား ရိုမီလူ လူကာကူကိုလည်း အင်တာမီလန် အသင်းသို့ ယူရို ၈သန်းနဲ့ အငှားချနိုင်ခဲ့ပါတယ် ။

အဲဒီနောက် ရာဟင်း စတာလင် ၊ ကာလီဒူ ကူလီဘာလီတို့ကို ပေါင်သန်း ၈၀န်းကျင် အသုံးပြုပြီး ခေါ်ယူခဲ့ပြီး ၊ အခုအခါမှာ ဗဟို ခံစစ်မှူးအသစ် တဦး ထပ်ဖြည့်ဖို့နဲ့ အသုံးမလိုတော့တဲ့ ၊ ပိုနေတဲ့ ကစားသမားတွေကို ရှင်းထုတ်ဖို့ စီစဉ်လျက်ရှိပါတယ် ။

သို့ပေမယ့်လည်း ချဲလ်ဆီး ဟာ ထိုကစားသမားတွေကို ရောင်းချနိုင်ဖို့ အခက်တွေ့နေတာကြောင့် ၊ အသင်းရဲ့ ရာသီကြို ခရီးစဉ်မှာပါ ခေါ်ဆောင်ပြီး အသုံးပြုနေရဆဲ ဖြစ်ပါတယ် ။ ချဲလ်ဆီး ကွင်းလယ်လူဟောင်း တဦး ဖြစ်တဲ့ အန်ဒီ တောင်ဆန်ကတော့ ၄င်းရဲ့ အသင်းဟောင်း အနေနဲ့ အာဆင်နယ်လို လစာမြင့်ပြီး အသုံးမဝင်တဲ့ ကစားသမားတွေကို ရှင်းထုတ်ပြီး ၊ အငှားစနစ်ကို ပြန်လည် စဉ်းစားသင့်ကြောင်း တိုက်တွန်းခဲ့ပါတယ် ။

Talksport နဲ့ တွေ့ဆုံခဲ့ရာမှာ တောင်ဆန် က ” ပိုင်ရှင်သစ် လက်ထက်မှာ အပြောင်းအလဲ တခု စတင်ဖို့ အချိန်တန်ပါပြီ ။ ကျွန်တော်တို့ အသင်းကနေ ကစားသမား အမြောက်အမြား ထွက်ခွာဖို့ စဉ်းစားနေကြပြီ ဆိုတဲ့ သောမတ်စ် တူချယ်ဆီက စကားသံတွေ ကြားနေရပါတယ် ။ ဒါပေမယ့် ရာသီကြို ကာလမှာ မစ်ချီ ဘတ်ရှူဝါရီ ၊ ရော့စ်ဘာကလေတို့လို ကစားသမားတွေကို တွေ့နေရဆဲပါ ။ ”

” ဒီလို အသင်းမှာ နှစ်များစွာ နေလာပြီး အခုအခါမှ ပြန်ပြီး ခြေစွမ်းတွေ ပြနိုင်မယ် ဆိုတာတွေ အသင်း အတွက် အံ့ဖွယ်ကိစ္စ တခုလိုပါပဲ ။ ဒီကစားသမားတွေဟာ ချဲလ်ဆီးကို မန်စီးတီး ၊ လီဗာပူးတို့ကို အမှီလိုက်နိုင်အောင် ပံ့ပိုးကူညီပေးဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး ။ ကလပ် အနေနဲ့ လူငယ် ကြယ်ပွင့် အများအပြားကို အငှားချတဲ့ စီမံကိန်းနဲ့ ပတ်သက်ပြီးလည်း ပြန်စဉ်းစားသင့်ပါပြီ ။ ”

” ဒါဟာ တဖက်တလမ်းက ငွေရှာပေးတယ် ဆိုတာ ကျွန်တော် လက်ခံပေမယ့် ၊ အသင်းဟာ ထိပ်တန်း အဆင့်မှာ ရှိနေတာကြောင့် ပိုကောင်းတဲ့ ကစားသမားတွေကို လိုအပ်ပါတယ် ။ ခင်ဗျားဟာ အသင်းရဲ့ ဂျာစီကို အမြတ်တနိုး ဆုပ်ကိုင်ပြီး ပေးဆပ်မယ့် ကစားသမားတွေကိုသာ လိုအပ်ပါတယ် ။ ချဲလ်ဆီးမှာ ဒီလို ကစားသမားတွေ များများစားစား မရှိပါဘူး ။ ”

” ကော်နာ ဂေါ်လဂါဆိုရင် ရာသီကြို ကာလမှာ ချဲလ်ဆီး ဂျာစီကို ဝတ်ဆင်ပြီးတာနဲ့ အပြည့်အဝ ပေးဆပ်ကစားနေတယ် ဆိုတာ ခင်ဗျားတို့ တွေ့မြင်ကြပြီးပါပြီ ။ သူ့လို ကစားသမားမျိုး ချဲလ်ဆီးတို့ အများကြီး လိုအပ်နေပါတယ် ။ သူတို့မှာ ကစားသမားတွေဟာ တောင်ရောက်လိုက် ၊ မြောက်ရောက်လိုက် ဖြစ်နေတာပါ ။ ”

” မီခေးလ် အာတီတာနဲ့ အက်ဒူတို့ လုပ်ပြနေတာက သူတို့ဟာ အာဆင်နယ်ရဲ့ ရှေးရိုးထုံးစံ ဖြစ်တဲ့ အူဘားမီးယန်း ၊ အိုဇေးလ်တို့လို လစာမြင့်မားတဲ့ ကစားသမားတွေကို အသင်းကနေ ဖယ်ရှားပစ်နေပြီး ၊ ဆာကာ ၊ စမစ်ရို ၊ အက်ကတ်တီးယားတိုလို့ အကယ်ဒမီ ကြယ်ပွင့်တွေနဲ့ အစားထိုးနေတာ ဖြစ်ပါတယ် ။ ”

” ချဲလ်ဆီးမှာ ဒီလို လူငယ် ကြယ်ပွင့်တွေက ငွေရှာစက်လို ဖြစ်နေပြီး ၊ ဒီလမ်းစဉ်က သူတို့ကို ပြန်ပြီး ဒုက္ခပေးနေပါတယ် ။ ဒါဟာ အသင်းကို ငွေများစွာ ရှာပေးနိုင်ပေမယ့် ၊ တိုးတက်မှု မဖြစ်စေပါဘူး ။ အက်ဇ်ပီလီကွီတာဆိုရင် အရမ်း ပရော်ဖက်ရှင်နယ် ဆန်ပြီး ၊ အသင်း အတွက် အပြည့်အဝ ပေးဆပ်ထားတဲ့ ကစားသမားမျိုးပါ ။ ”

” သူဟာ အသင်း အတွက်ဆို စိတ်နှလုံးရင်းပြီး ပေးဆပ်ပြီးသားပါ ။ အခုတော့ သူဟာ ဒီ အသက်အရွယ်မှာ ဘာစီလိုနာကို ပြောင်းချင်နေပါတယ် ။ ချဲလ်ဆီးက သူ့ကို ပြောင်းခွင့် မပေးဘူး ။ လူငယ် ကြယ်ပွင့်တွေ တိုးတက်စေဖို့ အတွက်ဆိုရင် ခင်ဗျားဟာ ပိုနေတဲ့ ကစားသမားတွေကို ဒီအတိုင်း အသင်းမှာ ဆက်ထားထားလို့ မရပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR