အသင်းရဲ့ နောက်ထပ် ကြယ်ပွင့်ကစားသမားကို ဒီနွေရာသီမှာ လက်မလွှတ်သွားရန် ကလော့ကို တိုက်တွန်းလိုက်တဲ့ ဂျွန်ဆင်

ဂျူဗင်တပ် အသင်းဟာ လက်ရှိ အချိန်မှာ လီဗာပူး တိုက်စစ်မှုး ရော်ဘတ်တိုဖာမီနိုကို ခေါ်ယူနိုင်ရန် နီးစပ်နေတယ်လို့ အီတလီ မီဒီယာတွေက ဖော်ပြနေကြပြီး ဂလင်းဂျွန်ဆင် ကတော့ ယာဂန်ကလော့ အနေနဲ့ ဘရာဇီး တိုက်စစ်မှုးကို လုံး၀ ရောင်းချမှု မလုပ်ရန် တိုက်တွန်း သွားခဲ့ပါတယ်။ ဖာမီနိုဟာ လွန်ခဲ့တဲ့ ၈ နှစ်က ဟော့ဖန်ဟိုင်း ကနေ ဘရန်ဒန်ရော်ဂျာ ကိုင်တွယ်နေတဲ့ လီဗာပူးကို ရောက်လာခဲ့တာ ဖြစ်ပြီး ကလော့ရဲ့ လက်အောက်မှာတော့ false 9 အဖြစ် နေရာတစ်နေရာ အခိုင်အမာ ရယူနိုင်ခဲ့ကာ ကလပ်ရဲ့ အောင်မြင်မှုတွေဟာ အထူး အရေးပါသူ ဖြစ်ခဲ့ပါတယ်။

ဖာမီနိုဟာ ဒီယေဂိုဂျိုတာ နဲ့ လူး၀စ်ဒီယက် တို့ ရောက်လာခဲ့ပြီးနောက် လီဗာပူးရဲ့ အရန်ခုံကို ရောက်သွားခဲ့ပြီး အရင်ကထက် ကစားခွင့်တွေ နည်းပါးလာခဲ့ပါတယ်။ ဒါ့အပြင် လီဗာပူးဟာ ဒီနွေရာသီမှာ ဒါ၀င်နူးနက်ကို ဘင်ဖီကာ ကနေ ကလပ်စံချိန်တင် ပြောင်းရွေ့ကြေး အသုံးပြုကာ ခေါ်ယူခဲ့တာကြောင့် ဖာမီနိုဟာ လာမည့် ရာသီမှာ ဥရုဂွေးစတားရဲ့ back up အဖြစ်သာ ကစားခွင့်ရမယ့် အနေအထားနဲ့ ရင်ဆိုင်နေကြပါတယ်။

အီတလီမှာ ထွက်ပေါ်နေတဲ့ သတင်းတွေ အရ ကတော့ ဂျူဗင်တပ်ဟာ ဖာမီနိုကို ပေါင် ၁၉ သန်းနဲ့ ခေါ်ယူနိုင်ရန် နီးစပ်နေတယ်လို့ ဖော်ပြနေကြပြီး လီဗာပူး နောက်ခံလူဟောင်း ဂျွန်ဆင် ကတော့ ဖာမီနို အနေနဲ့ ကလပ်မှာ လက်ရှိ သူ့ရဲ့ အနေအထား အပေါ် မပျော်မရွှင် ဖြစ်နေပေမယ့် ကလော့ အနေနဲ့ နောက်ထပ် အဓိက ကစားသမားကို ဆုံးရှုံးသွားလို့ မရနိုင်ဘူးလို့ ခံစားမိနေပါတယ်။

ဂျွန်ဆင်က “အကယ်၍ ကိုယ်ဟာ ထိပ်တန်း ကစားသမား တစ်ဦး ဖြစ်နေခဲ့မယ် ဆိုရင် အပတ်တိုင်း ကစားသွားချင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လာမည့် ရာသီ ဒါ၀င်နူးနက်ရဲ့ အရန်အဖြစ်သာ ကစားခွင့် ရမယ့် အနေအထား အပေါ် ဖာမီနို ဘက်က ဘယ်လို ခံစားနေသလဲ ဆိုတာ ကျွန်တော် အတိအကျ မသိပါဘူး။ ကလော့ဟာ သူ့ကို တအား ချစ်တဲ့သူပါ။ ဖာမီနိုဟာ ကလပ်ရဲ့ ဂန္တ၀င် တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ပွဲစဉ် အများစုကို မိနစ် ၂၀ လောက်သာ လူစား၀င် ကစားရမယ့် အနေအထား အပေါ် သူ ပျော်ရွှင်နေမှာလား? မပျော်နိုင်ပါဘူး။

ဒါပေမယ့် ကလော့ အနေနဲ့ ကလပ် အကြောင်းကို ကောင်းကောင်းသိတဲ့ ကစားသမားတွေ အများအပြားကို တစ်ချိန်တည်းမှာ ဆုံးရှုံးသွားလို့ မရပါဘူး။ ဖာမီနို အနေနဲ့ လာမည့် ရာသီက ကလပ်ရဲ့ first XI မှာ ပါမပါ ကျွန်တော် မသိပေမယ့် သူဟာ အသင်း အတွက် ကြီးမားတဲ့ ကဏ္ဍကနေ ပါ၀င်ခွင့် ရမှာတော့ သေချာပါတယ်။” ဆိုလိုက်ပါတယ်။

လီဗာပူးဟာ မနေ့ညက ရက်ဘူးဆဲဘတ်နဲ့ ခြေစမ်း ကစားခဲ့ရာမှာ ၁-၀ နဲ့ ရှုံးနိမ့်သွားခဲ့ပြီး လာမည့် စနေနေ့မှာ ကွန်မြူနတီဒိုင်း ပွဲစဉ် အဖြစ် မန်စီးတီးနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။

SM