အပြောင်းအရွှေ့ဈေးကွက်မှာ သန်း 100 ချီပြီး အမြတ်ထွက်နေဆဲ ဖြစ်တဲ့ ချန်ပီယံ မန်စီးတီး

မန်စီးတီး ရဲ့ ကွင်းအတွင်း ကွင်းပြင်ပ အောင်မြင်မှုတွေက ကလပ်အသင်းတိုင်းအတွက် စံထားချင်လောက်အောင်ကို အတုယူဖို့ ကောင်းသလို ၊ ပြိုင်ဘက်တွေ အတွက် ဆိုရင် မနာလို စရာတွေ တိုးပွားချင်စရာ ချည်းပါပဲ။

အပြောင်းအရွှေ့ လှုပ်ရှားပုံနဲ့ ပတ်သက်လာရင် ဥရောပ ထိပ်သီး အသင်းကြီးတိုင်းက မှီငြမ်းချင်လောက်အောင်ကို ၊ ဝယ်ယူတဲ့ အပိုင်းမှာရော ၊ ရောင်းချတဲ့ အပိုင်းမှာပါ မှန်ကန်မှုတွေ ရှိနေတာပါ။

တစ်ချို့သော ပရိသတ်တွေကတော့ “မန်စီးတီး ဟာ ရေနံသူဌေးမို့ ဒီလို လုပ်ပြနိုင်မှာပေါ့” ဆိုပြီး အဆိုးမြင်နဲ့ ပြောကောင်း ပြောပါလိမ့်မယ် ၊ ဒါပေမယ့် ပိုက်ဆံရှိတိုင်း ဘောလုံးလောကမှာ စိုးမိုးခြယ်လှယ်လို့ မရဘူး ဆိုတာ တစ်ချိန်က အရှိန်အဝါကောင်းလွန်းတဲ့ အသင်းကြီးတွေ အသဲအသန် ရုန်းကန်နေရတာ မြင်ရင် သိနိုင်ပါတယ်။

ဒီနေရာမှာ မန်စီးတီး ဟာ သူတို့ အသင်းလည်ပတ်နိုင်ဖို့ အရှေ့အလယ်ပိုင်း အခြေစိုက် လုပ်ငန်းပေါင်း များစွာကနေ စပွန်ဆာတွေ လှည့်ပတ် ပေးထားတဲ့ အချက်က လွဲရင် ၊ အသင်းကို လည်ပတ်တဲ့ အပိုင်း ၊ အောင်မြင်မှု ရယူတဲ့ အပိုင်းတွေ မှာ လုံးဝကို မချီးကျူးပဲ နေလို့ မရတာပါ။

လက်ရှိ ပြက္ခဒိန် နှစ် အတွင်း ဖာရန် တောရက် ၊ စတာလင် ၊ ဂျေဇု ၊ ဇင်ချန်ကို နဲ့ အလားအလာကောင်းတဲ့ လူငယ် ကစားသမားတွေ ရောင်းချမှုကနေ ပေါင် 232 သန်း အထိတောင် ရရှိထားပြီးပါပြီ။ အပြောင်းအရွှေ့ ကာလ ပိတ်သိမ်းဖို့ တစ်လကျော်တောင် လိုနေသေးတာမျိုး ၊ ဒီပမာဏ ဟာ ပေါင် 250 သန်း ကျော်လွန်ဖွယ် ရှိနေတယ်လို့ ခန့်မှန်းထားကြပါတယ်။

လက်ရှိ ကစားသမား ပြန်ခေါ်ယူဖို့ သုံးစွဲတဲ့ အသုံးစာရိတ် နဲ့ ပြန်တွက်ကြည့်မယ် ဆိုရင်တောင် သူတို့ဟာ 2022 ခုနှစ် အတွင်း အမြတ်ငွေ ပေါင် 122 သန်း ထွက်ထားပြီးပါပြီ။ တကယ်လို့ ဘရိုတ်တန် ကနေ ခေါ်ယူဖို့ ကြိုးစားနေတဲ့ ကူကူရယ်လာ သာ ရောက်လာမယ် ဆိုရင် ၊ ဒီပမာဏက ပြန်ပြီး ကျဆင်းသွားဦးမှာပါ။

သို့သော် ပရီးမီးယားလိဂ် ချန်ပီယံဟာ ဘရိုတ်တန် က လိုချင်နေတဲ့ ပြောင်းရွှေ့ကြေးမျိုး ပေးလိုက်မယ် ဆိုရင်တောင် အမြတ် ပမာဏ က သန်း 70 ကျော်အထိ ကျန်ပါသေးတယ်။

ဥရောပ ရဲ့ အလားအလာ အကောင်းဆုံး တိုက်စစ်မှုး အယ်လင် ဟာလန်း ၊ လိဒ် ယူနိုက်တက် က အင်္ဂလန် လက်ရွေးစင် ကစားသမား ဖီးလစ် ၊ အာဂျင်တီးနား တိုက်စစ်မှုး အယ်ဗာရက်ဇ် ၊ ဂိုးသမား အော်တီဂါ တို့ကို ပြန်လည် အားဖြည့်ထားတာမို့ ကစားသမား စုဖွဲ့မှု ပိုင်းအရ ကြည့်မယ် ဆိုရင် အားနည်းသွားတယ်လို့ကို ပြောလို့ မရပါဘူး။

ဒါကြောင့် မန်စီးတီး ဟာ ကစားသမား ခေါ်ယူတဲ့ အချိန်မှာလဲ ဈေးမှန် အချိန်မှန် အရွယ်မှန် ဖြစ်အောင် လှုပ်ရှားပြထားသလို ၊ ဘယ်လို အချိန်မှာ ဈေးကောင်းကောင်း နဲ့ ရောင်းထုတ်ဖို့ ဆုံးဖြတ်ချက် ချမှတ်ရမယ် ဆိုတာလဲ မှန်မှန်ကန်ကန် နဲ့ လုပ်ဆောင်ပြထားပါတယ်။

ဒီနေရာမှာ ကွင်းအတွင်း အောင်မြင်မှုကို ကြည့်ပြီး ပက်ဂွာဒီယိုလာ အကြောင်းကိုပဲ တော်တော်များများက အမွှန်းတင်နေကြတာပါ။ ကန့်လန့်ကာ နောက်ကွယ်မှာ ဦးဆောင် လည်ပတ်နေတဲ့ အမှုဆောင်ချုပ် ဆိုရီယာနို ၊ အားကစား ဒါရိုတ်တာ ဘီဂရစ်စတိန်း ၊ COO ဘာရာဒါ တို့ရဲ့ လုပ်ကိုင်ပုံတွေ က ထက်မြက်လွန်းသလို ၊ ဥက္ကဌ မူဘာရက် ရဲ့ ဦးဆောင်မှုကလဲ အထင်ကြီးလောက်ပါတယ်။

စတာလင် ၊ ဂျေဇု တို့ ဆိုရင် တစ်နှစ် စာချုပ်သက်တမ်း ကျန်ရှိချိန်မှာတောင် ပေါင် 45 သန်း ၊ 50 သန်း တွေအထိ ဈေးရခဲ့သလို ၊ ဘာစီလိုနာ ဆီ ပြောင်းရွှေ့သွားတဲ့ ဖာရန် တောရက် ကိုလဲ ပေါင် 55 သန်း ၊ ဇင်ချန်ကို ကို အာဆင်နယ်ဆီ ပေါင် 32 သန်းစီ နဲ့ ရောင်းထုတ်ပြခဲ့တာပါ။

ကလပ် အသင်းတိုင်းဟာ သူ့ရဲ့ အားသာချက် နဲ့သူတော့ လည်ပတ်ကြတာ ချည်းပါပဲ။ သို့သော် ပရီးမီးယားလိဂ် အသင်းတွေထဲမှာ မန်စီးတီးလောက် ထောင့်စေ့အောင် လည်ပတ်နိုင်တဲ့ အသင်းမျိုးက လုံး၀ မရှိပါဘူး။ အောင်မြင်မှုပိုင်း ၊ သမိုင်းကြောင်း ဆိုင်ရာ ကြီးကျယ်ခမ်းနားမှုပိုင်းမှာ သာလွန်ကောင်း သာလွန်နိုင်ပေမယ့် ၊ လက်ရှိ The Whole Club လည်ပတ်မှု အပိုင်းမှာတော့ မန်စီးတီး က ဦးဆောင်လျှက် ရှိနေပါတယ်။

စီနီယာ အမျိုးသား အသင်းရော ၊ အမျိုးသမီး အသင်းပါ ဆုဖလားတွေကို နှစ်စဉ် နှစ်တိုင်း စိန်ခေါ်ပြနေသလို ၊ အကယ်ဒမီ က အကောင်းတကာ့ အကောင်းဆုံးတွေ မွေးထုတ်ရင်း လူငယ် အဆင့်ပြိုင်ပွဲတွေ အထိပါ ဗိုလ်ကျပြထားပါတယ်။

လူငယ် ချာတိတ်လေးတွေ ဖြစ်တဲ့ Gavin Bazunu နဲ့ Romeo Lavia ကို ဆောက်သမ်တန် အသင်းဆီ ပေါင် 29 သန်း နဲ့ ရောင်းချခဲ့တာ ၊ Pedro Porro ကို စပို့တင်း အသင်းဆီ ပေါင် 7 သန်း ၊ Darko Gyabi ကို လိဒ် ယူနိုက်တက်ဆီ ပေါင် 5 သန်း စတဲ့ ပမာဏတွေ နဲ့ ရောင်းချပြထားသလို ၊ တိုက်စစ်မှုး Liam Delap အတွက် ပေါင် 16 သန်း နဲ့ ကမ်းလှမ်းမှုကိုတောင် ပယ်ချထားတာပါ။

အဲဒီလို လူငယ်လေးတွေကို ရောင်းချရာမှာလဲ Sell-on clause တွေ ၊ Buy-Back အချက်တွေ ထည့်သွင်းထားပြန်လို့ ၊ အနာဂတ်မှာ ပိုက်ဆံ ပြန်ဖြစ်နိုင်သေးတဲ့ အလားအလာတွေ ချည်းပါပဲ။

ဒါကြောင့်မို့ မန်စီးတီး ဟာ အပြောင်းအရွှေ့ ဈေးကွက် လှုပ်ရှားမှုမှာ အမြတ် အများကြီး ထွက်နေတာ အံ့အားသင့်စရာ မဟုတ်သလို ၊ ကလပ် တစ်ခုလုံးကလဲ ဟန်ချက်ညီညီ နဲ့ အောင်ပွဲ ရှာနေတာ ဖြစ်လို့ ပြိုင်ဘက်တိုင်း အတွက်တော့ ရှုထောင့်ပေါင်းစုံကနေ အားကျစရာတွေချည်းပါပဲ။

SM