ဟာလန်းကို ခေါ်ထားခဲ့ပေမယ့် မန်စီးတီးတို့ ရာသီသစ်မှာ ပိုမို အားနည်းသွားနိုင်တဲ့ အကြောင်းရင်းတွေကို ပြောပြလိုက်တဲ့ ပေါလ်မာဆွန်

ပေါလ်မာဆွန်က မန်ချက်စတာစီးတီးဟာ ဒီနွေရာသီမှာ အာလင်းဟာလန်းကို ခေါ်ယူထားခဲ့ပေမယ့်လည်း ပိုပြီးတော့ အားနည်းသွားနိုင်တယ်လို့ ဆိုလိုက်ပါတယ်။ အာဆင်နယ် ကစားသမားဟောင်းက မန်စီးတီးဟာ ကစားသမားသစ်တွေ အထိုင်ကျမှုကို စောင့်ရမှာ ဖြစ်တာကြောင့် ရာသီသစ်မှာ တာထွက်နှေးနေလိမ့်မယ်လို့လည်း သုံးသပ်သွားခဲ့ပါတယ်။

ဒါ့အပြင် မာဆွန်က ဟာလန်းဟာ ပရီးမီးယားလိဂ်မှာ အထိုင်ကျရန် ရုန်းကန်ရလိမ့်မယ်လို့လည်း ဆိုသွားခဲ့ပါသေးတယ်။ စီးတီးဟာ ဒီနွေရာသီမှာ ဟာလန်း ကယ်ဗင်ဖီးလစ် နဲ့ အယ်ဗာရက်စ် တို့ကို ခေါ်ယူထားခဲ့ပေမယ့်လည်း စတားလင်း ဂျီဆု နဲ့ ဇင်ချန်ကို တို့ကိုတော့ လက်လွှတ်ထားခဲ့ရပါတယ်။

မာဆွန်က “စီးတီးဟာ လာမည့် ရာသီသစ်မှာ ပိုမို အားနည်းသွားလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့ဟာ ကလပ် အတွက် အရေးပါလှတဲ့ ကစားသမားကောင်းတွေကို ဆုံးရှုံးထားခဲ့ပါတယ်။ ကစားသမားသစ်တွေဟာ အသင်းသစ်မှာ ဘယ်လောက် မြန်မြန် အထိုင်ကျမလဲ ဆိုတာ ကျွန်တော်တို့ မသိနိုင်ပါဘူး။ စီးတီးတို့ ရာသီသစ်မှာ အထလေးနေမယ် ဆိုရင်လည်း ကျွန်တော် ကတော့ အံ့သြမိမှာ မဟုတ်ပါဘူး။ ဒီလိဂ်မှာ တစ်သင်းသင်းကို အများကြီး အမှတ်ပေးဖြတ်သွားလို့ မရပါဘူး။ မဟုတ်ရင် လိုက်ရတာ ခက်ခဲလှပါတယ်။

ဟာလန်း နဲ့ အယ်ဗာရက်စ် တို့ဟာ မန်စီးတီး အတွက် အရမ်းကို ကောင်းတဲ့ ကစားသမားခေါ်ယူမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဟာလန်းဟာ တကယ့်ကို မယုံနိုင်စရာ ကစားသမား ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ပက်ဂွာဒီယိုလာရဲ့ system နဲ့ အသားတကျ ဖြစ်လာဖို့ ၊ လိဂ်အသစ် ၊ နိုင်ငံအသစ်မှာ အထိုင်ကျဖို့ အတွက် အချိန်တစ်ခုတော့ ယူသွားရမှာပါ။ ချက်ချင်း အလုပ်ဖြစ်လိမ့်မယ်လို့ အာမခံချက် မရှိပါဘူး။

ခင်ဗျားတို့ ဂျက်ဂရီလစ်ခ်ျ ကိုပဲ ကြည့်လိုက်ပါ။ မနှစ်က သူ့အတွက် အထိုင်ကျဖို့ လုပ်ဆောင်ရတဲ့ ရာသီ ဖြစ်ခဲ့ပါတယ်။ ပက်ရဲ့ system ကို နားလည်ဖို့ အတွက် အချိန်တစ်ခုတော့ ယူရပါတယ်။ ဒီလို အချိန်မှာ စီးတီးဟာ စတားလင်း နဲ့ ဂျီဆု တို့ရဲ့ သွင်းဂိုးတွေကို ဆုံးရှုံးထားခဲ့ပါတယ်။ စတားလင်းဟာ အားလုံးထဲမှာ ပက်ရဲ့ system နဲ့ အံ၀င်ဆုံး ကစားသမား ဖြစ်ပြီး ဘယ်သူမှ far-post ကနေ သူ့လောက် ဂိုးပိတ်သွင်းမှုတွေ ပြုလုပ်တာမျိုး မရှိပါဘူး။

ပြီးတော့ ဂွာဒီယိုလာဟာ ပွဲကြီးပွဲကောင်းတွေကို ဂျီဆုကို ယုံကြည်မှု ရှိခဲ့ပါတယ်။ သူတို့ဟာ တအားကို ယုံကြည်ရတဲ့ ကစားသမားတွေပါ။ ဇင်ချန်ကိုလည်း ဒီအတိုင်းပါပဲ။ ကာကွယ်ဆေး မထိုးထားခဲ့တာကြောင့် ခြေစမ်းခရီးစဉ်မှာ ကစားသမားတစ်ချို့ ကျန်နေခဲ့တဲ့ အပေါ် ပက်အနေနဲ့ စိုးရိမ်မှု ရှိနေပါတယ်။ ဒီအချိန်မှာ အသင်းရဲ့ Shape နဲ့ Pattern တွေကို လုပ်သွားရမှာ ဖြစ်ပြီး ဒီကိစ္စတွေဟာ သူတို့ကို သက်ရောက်မှု ရှိစေမှာကို ပက် စိုးရိမ်နေပါတယ်။

ဟာလန်း အတွက်ကတော့ အရာအားလုံး သူ့အတွက် အသစ်တွေချည်း ဖြစ်နေမှာပါ။ စီးတီး အတွက် ကစားပေးရတာဟာ ဒေါ့မွန် နော်ဝေး တို့နဲ့ တခြားစီပါပဲ။ စီးတီးကိုဆိုရင် အသင်းတော်တော်များများက ပိတ်ဆို့ ကစားလေ့ရှိတာကြောင့် နေရာလွတ် ဆိုတာ မရှိပါဘူး။ ဟာလန်းရဲ့ အရည်အသွေးကောင်းတွေက ဘာလဲ? သူဟာ အဆုံးသတ်ကောင်းကာ လျှင်မြန်ပြီး သန်မာတဲ့သူပါ။ နေရာလွတ် မရှိတာကြောင့် ပရီးမီးယားလိဂ်မှာ လျှင်မြန်တာတွေ သန်မာတာတွေကို ဖယ်ထုတ်လိုက်ပါ။ ဘောလုံးဉာဏ်နဲ့ ပါးနပ်မှုကို လိုအပ်မှာပါ။

သူတို့ ကယ်ဗင်ဖီးလစ်ကို ဘာကြောင့် ၀ယ်ယူခဲ့သလဲ ဆိုတာ ကျွန်တော် မသိပါဘူး။ သူဟာ ပက်ရဲ့ စိတ်ကြိုက် ကစားသမားလို့ ကျွန်တော် မထင်မိပါဘူး။ ဒါ့အပြင် သူတို့ဟာ နောက်ထပ် ထိပ်တန်း ဗဟိုနောက်ခံလူ တစ်ဦး အားဖြည့်သွားဖို့ လိုအပ်တယ်လို့ ကျွန်တော် ထင်နေဆဲပါ။”

SM