ဟက်ထရစ်ရှင် ဂျေးဇု၊ကြွေလွင့်သွားသူတို့ကို အောက်မေ့ခဲ့ကြတဲ့ပွဲ၊အာဆင်နယ် ၆-၀ ဆီဗီးလား ပွဲမှ ထူးထူးခြားခြားပြောစရာဖြစ်ခဲ့တဲ့ အချက် ၅ ချက်

ယနေ့ ညနေပိုင်းမှာ ကစားခဲ့တဲ့ အမ်းမရိတ် ဖလားပွဲမှာတော့ အာဆင်နယ် အသင်းဟာ အိမ်ကွင်း အမ်းမရိတ်မှာ ဂျေးဇု ၊ ဆာကာ ၊ အန်ကီးတီးယား တို့ရဲ့ သွင်းဂိုးတွေ နဲ့အတူ ဆီဗီးလား အသင်းကို ဂိုးပြတ် ခြေပြတ် နဲ့ အနိုင် သွားကစားခဲ့ပြီး ရာသီကြို ပြင်ဆင်မှုကို ရာနှုန်းပြည့် နိုင်ပွဲနဲ့ အဆုံးသတ် နိုင်ခဲ့ပါတယ် ။

အာဆင်နယ် ၆-၀ ဆီဗီးလား ပွဲမှ ထူးထူးခြားခြား ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၅ ချက် ကတော့

၁။ ဟက်ထရစ်လည်း ရ Man of the Match လည်းရတဲ့ ဂျေးဇု

အမ်းမရိတ်ကွင်းက အာဆင်နယ် ပရိသတ်တွေရှေ့မှာ အာဆင်နယ် ကစားသမား အဖြစ် ပထမဆုံးကစားရတဲ့ ပွဲမှာ ဂျေးဇု ဟာ ဟက်ထရစ် သွင်းယူ နိုင်ခဲ့ပါတယ် ။ ဂျေးဇု ဟာ ဆီဗီးလား နဲ့ ပွဲမှာ ၇၉ မိနစ် ကစား ဘောလုံး ထိချက် ၅၀ ကြိမ်၊ဂိုးပေါက်တည့် ကန်ချက် ၄ ကြိမ် ၊ သွင်းဂိုး ၃ ဂိုး ၊ အောင်မြင်တဲ့ လိမ်ခေါက် ကျော်ဖြတ်မှု ၃ ကြိမ် ၊ ဘောလုံး ပေးပို့မှု တိကျနှုန်း ၈၂.၁ % ရှိခဲ့ပါတယ် ။

ဒါ့အပြင် ဂျေးဇု ဟာ ရေးယက်စ် ရဲ့ဖခင်ဖြစ်သူ ကိုယ်တိုင် ပေးအပ်တဲ့ Man of The Match ကိုလည်း ရရှိ ခဲ့ပါတယ် ။ ဂျေးဇု ဟာ အာဆင်နယ် အသင်းရဲ့ ရာသီကြို ခြေစမ်းပွဲတွေမှာ သွင်းဂိုး ၇ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁ ကြိမ် လုပ်နိုင်ခဲ့ပါတယ် ။

၂။ ကြွေလွင့်သွားတဲ့သူတွေအတွက် အောက်မေ့ဖွယ် အခမ်းအနား

ဒီကနေ့ပွဲမှာ အာဆင်နယ် အသင်းဟာ မကြာသေးခင်က ဆုံးပါးသွားခဲ့တဲ့ ကစားသမားဟောင်းလည်းဖြစ် နည်းပြဟောင်းလည်း ဖြစ်တဲ့ တယ်ရီနေးလ် နှင့် အမာခံ ပရိသတ် မာရီယာ ပီထရီ တို့အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် လက်ပတ်အမည်းတွေ ဝတ်ဆင် ကစားခဲ့သလို လွမ်းသူ့ပန်းစည်းတွေလည်း ချခဲ့ပါတယ် ။

ဒါ့အပြင် အာဆင်နယ် နဲ့ ဆီဗီးလား အသင်းနှစ်သင်းဟာ လွန်ခဲ့တဲ့ ၃ နှစ်က ဆုံးပါးသွားခဲ့တဲ့ ကစားသမားဟောင်း ရေးယက်စ် အတွက်လည်း အောက်မေ့ဂုဏ်ပြု အခမ်းအနား လုပ်ခဲ့ကြပါတယ်။ပွဲမတိုင်ခင် နှစ်ဖက်အသင်းနည်းပြတွေဟာ ​​​ရေးယက်စ်ဂျာစီကို အပြန်အလှန် လဲလှယ် ခဲ့ကြသလို ပွဲချိန် ၉ မိနစ်မှာလည်း ရေးယက်စ် အတွက် လက်ခုပ်တီး ဂုဏ်ပြု ခဲ့ကြပါတယ် ။

၃။ Captain အိုဒီဂတ်

ပွဲမတိုင်ခင် နာရီပိုင်း အလိုမှာ အာဆင်နယ် အသင်းရဲ့Captain အဖြစ် တရားဝင် ကြေညာခြင်း ခံခဲ့ရတဲ့ အိုဒီဂတ် ဟာ ဆီဗီးလား နဲ့ အသင်းကို အကောင်းဆုံး ထိန်းကျောင်း ဦးဆောင်ပြီး ခြေစွမ်း​ပြ ကစားနိုင်ခဲ့ပါတယ် ။ အာဆင်နယ် အသင်း ရရှိတဲ့ ပင်နယ်တီကလည်း သူ့ရဲ့ ပေးပို့မှု ကနေ ဖြစ်ပေါ် ခဲ့တာပါ ။ ဂျေးဇု ရောက်ရှိလာမှုဟာ အိုဒီဂတ် ကို ပိုမို ကောင်းမွန်တဲ့ ကစားသမား ဖြစ်စေခဲ့ပါတယ် ။ အိုဒီဂတ် ဟာ အာဆင်နယ် အသင်းရဲ့ နောက်ထပ် magician တစ်ယောက် ဖြစ်လာနိုင်မလား ..

၄။ Monster လို ခြေစွမ်း ဆက်ပြနေဆဲ ဆလီဘာ

ဆလီဘာ က​တော့ ပရိသတ်တွေရဲ့ အချစ်ကို တစ်ပွဲပြီး တစ်ပွဲ ထပ်မံ ရရှိ နေပါတယ် ။ ဆီဗီးလား နဲ့ ပွဲမှာ ပြိုင်ဘက် ကစားသမားတွေ ဝိုင်းဝန်း ဖိအားပေးနေတဲ့ အချိန်မှာတောင် ဆလီဘာ ဟာ တည်တည်ငြိမ်ငြိမ် နဲ့ ဘောလုံး မပျက်အောင် ကစားပြီး ပေးပို့မှု လုပ်နိုင်ခဲ့တာပါ ။

ဆလီဘာ ဟာ အသက် ၂၁ နှစ် အရွယ်လို့ မထင်ရလောက်အောင် တည်ငြိမ်လွန်းလှပီး ဆုံးဖြတ်ချက် ချမှတ်မှုတွေကလည်း မှန်ကန် တိကျ ခဲ့ပါတယ် ။ ဆလီဘာ ပြန်လည် ရောက်ရှိလာမှုဟာ အာဆင်နယ် အသင်းရဲ့ နောက်တန်းအတွက် ပိုမို ရွေးချယ်စရာ များလာစေခဲ့သလို ခံစစ်ကစားပုံကိုလည်း ပိုမို တိုးတက်လာစေတာ တွေ့နေရပါတယ် ။

၅။ ရာနှုန်းပြည့် နိုင်ပွဲ နဲ့ ရာသီကြို ပြင်ဆင်မှုကို အဆုံးသတ်တဲ့ အာဆင်နယ်

ဆီဗီးလား နဲ့ ပွဲဟာ အာဆင်နယ် အသင်းရဲ့ရာသီကြိုခြေစမ်းပွဲ နောက်ဆုံးပွဲ ဖြစ်ပြီး ဂိုးဒါဇင်ဝက် သွင်းကာ ရာသီကြို ပြင်ဆင်မှုကို အဆုံးသတ် နိုင်ခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ ရာသီကြို ခြေစမ်းပွဲ ၅ ပွဲ ကစားရာမှာ ရာနှုန်းပြည့် နိုင်ပွဲ ရခဲ့တာ ဖြစ်ပြီး သွင်းဂိုး ၂၀ ၊ ပေးဂိုး ၄ ဂိုးသာ ရှိခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ တံခါးပိတ် ခြေစမ်းပွဲ အဖြစ် အစ်ဆွစ်ချ်၊ဘရန့်ဖိုဒ့် တို့နဲ့ ကစားခဲ့သေးပြီး အစ်ဆွစ်ချ် ကို ၅-၁ ကို အနိုင်ရကာ ဘရန့်ဖိုဒ့်ကို ၂-၁ နဲ့ ရှုံးနိမ့် ခဲ့ပါတယ် ။

SM