လူကာကူ ကို အငှားထပ်ချမယ့် ချဲလ်ဆီး ၊ ရိုနယ်ဒို ကို သက်တမ်းတိုးချင်တဲ့ ယူနိုက်တက် ၊ နောက်ဆုံးသိရတဲ့ အပြောင်းအရွှေ့တွေနဲ့ . . . နံနက်ခင်း အားကစားသတင်းများ

ချဲလ်ဆီး ဟာ အခုရာသီ အတွက် အင်တာမီလန် ကို အငှား စေလွှတ် ထားတဲ့ တိုက်စစ်မှူး လူကာကူ ကို ရာသီမစတင်ရ သေးမီမှာပဲ နောက်ထပ် ၁ နှစ် ထပ်မံ အငှား ခေါ်ယူလိုက ခေါ်ယူ နိုင်သေးကြောင်း အင်တာမီလန် အသင်းကို အသိပေး အကြောင်းကြား သွားခဲ့တယ်လို့ သတင်း ထွက်လာခဲ့ ပါတယ် ။

ဒါကြောင့် အင်တာသာ ဆန္ဒ ရှိပါက လူကာကူ ကို ၂ ရာသီဆက်တိုက် အငှားနဲ့ ခေါ်ယူနိုင်တော့မှာပါ ။

ဘီဘာအို နည်းပြ အာနက်စတို ဗယ်ဗာဒီ ကတော့ အင်နီဂို မာတီနက် အတွက် ဘာစီလိုနာ က ချိတ်ဆက်လိုတယ် ဆိုတဲ့ သတင်းတွေကို စိတ်ဝင်စားမှု မရှိကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ် ။

မာတီနက် ဟာ ဘီဘာအို နဲ့ စာချုပ် ၁ နှစ်သာ ကျန်တော့ပြီး လာမယ့် နွေရာသီမှာ ဘာစီလိုနာ က အလွတ် နဲ့ ခေါ်ယူမယ်လို့ သတင်း ထွက်ပေါ် နေတာပဲ ဖြစ်ပါတယ် ။

ဆယ်လ်တာဗီဂို နဲ့ ဂရိစ် ကလပ် အေအီးကေ အေသင် တို့ဟာ ဘာစီလိုနာ ကစားသမား အော်စကာ မင်ဂွီဇာ ကို ခေါ်ယူနိုင်ရေး အတွက် ကတ်တလန် ကလပ် နဲ့ စတင် ညှိနှိုင်းမှု ပြုလုပ် နေပြီလို့ သိရှိရ ပါတယ် ။

PSG နဲ့ ဂျာမန် ကလပ် လိုက်ပ်ဇစ် တို့ဟာ နော်ဒီ မူကီလီ ရဲ့ အပြောင်းအရွှေ့ နဲ့ ပတ်သက်ပြီး အပြီးသတ် သဘောတူညီမှု ရရှိနိုင်ဖို့ လုပ်ဆောင် နေကြပြီလို့ သိရပါတယ် ။

PSG ဟာ ယူရို ၁၂ သန်း ကို ကနဦး ပေးချေ ရမှာဖြစ်ပြီး အပိုဆုကြေး အပါအဝင် ယူရို ၁၆ သန်း အထိ ပေးချေ ရနိုင်ချေ ရှိတယ်လို့ သိရပါတယ် ။

အာဆင်နယ် ဒါရိုက်တာ အီဒူး က သူဟာ လိုင်ယွန် ရဲ့ ဘရာဇီး ကွင်းလယ်လူ လူးကပ်စ် ပါကွေတာ ကို အလွန်နှစ်သက်ပြီး သူ့ရဲ့ ပရိသတ် တယောက်လည်း ဖြစ်ကြောင်း ၊ ဒါပေမယ့် လတ်တလော မှာတော့ အာဆင်နယ် အနေနဲ့ ပါကွေတာ နဲ့ ပတ်သက်ပြီး ဘယ်လို ဆွေးနွေး ပြောဆိုမှုမှ မရှိသေးကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ အသင်းပြောင်းဖို့ ဆန္ဒပြင်းပြ နေတဲ့ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရိုနယ်ဒို ကို အခု နွေရာသီမှာ အသင်းပြောင်းခွင့်ပြုဖို့ စဉ်းစားနေ ပေမယ့် အငှားသီးသန့်သာ ပြောင်းခွင့်ပြုဖို့လည်း စိတ်ကူးနေတယ်လို့ သတင်း ထွက်လာခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ ရိုနယ်ဒို ရဲ့ စာချုပ်မှာ ပါဝင်တဲ့ ၁ နှစ် သက်တမ်းတိုးခွင့်ကို အသက်သွင်းဖို့ စီစဉ် နေတာကြောင့် တိုက်စစ်မှူးကြီး အနေနဲ့ အခုရာသီ အငှားထွက် ကစားပြီးသည်အထိ ယူနိုက်တက် အသင်းသား တဦးအဖြစ်နဲ့သာ ဆက်ရှိ နေဦးမှာ ဖြစ်ပါတယ် ။

ရိုနယ်ဒို နဲ့ သတင်းထွက်နေသေးတဲ့ အက်သလက်တီကို မက်ဒရစ် ကတော့ ဘာစီလိုနာ ကနေ အငှား နဲ့ ခေါ်ယူထားတဲ့ ဂရစ်ဇ်မန်း ကို လက်လွှတ်ပြီး ရိုနယ်ဒို ကို ခေါ်ယူဖို့ စတင် စိတ်ကူးနေတယ်လို့ ကောလဟာလ သတင်း တခု ထွက်ပေါ် လာခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် လူငယ် နောက်တန်း ကစားသမားလေး ဘရန်ဒွန် ဝီလ်ယံ ကို ဘရိုက်တန် အသင်းက ပေါင် ၁၅ သန်း ဝန်းကျင် နဲ့ ဝယ်ယူဖို့ စိတ်ကူးနေတယ်လို့ သိရပါတယ် ။

ဘရိုက်တန် ဟာ ကူကူရယ်လာ ကို မန်စီးတီး ထံ ရောင်းချဖို့ စိတ်ကူးထားပြီး နည်းပြ ပေါ်တာ ဟာ ဝီလ်ယံ ကို အစားထိုးမယ့် ကစားသမား အဖြစ် ရှုမြင်ထားတယ်လို့ သိရပါတယ် ။

နာပိုလီ အသင်း ဥက္ကဌ ဒီလော်ရန်းတစ် ကတော့ ဖီနာဘာချီ နောက်ခံလူ ကင်မင်ဂျေး ကို ခေါ်ယူရေးမှာ အခွန် ကိစ္စ နဲ့ ပတ်သက်ပြီး ညှိနှိုင်းစရာ အနည်းငယ် ကျန်ရှိ နေသေးတာကြောင့် မကြေညာနိုင်သေးတာ ဖြစ်တယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

ဆက်လက်ပြီး ကူလီဘာလေ ဟာ သူတို့ရဲ့ တနှစ်လုပ်ခ ယူရို ၆ သန်းခွဲတန် စာချုပ်သစ် ကို ငြင်းပြီး ချဲလ်ဆီး ကို ပြောင်းသွားခဲ့တာ ဖြစ်ကြောင်း ၊ ချဲလ်ဆီး မတိုင်ခင် ဘာစီလိုနာ က ချိတ်ဆက်ခဲ့ ဖူးပေမယ့် စပိန်ကလပ် ရဲ့ ဘဏ္ဍာရေး အခြေအနေ အပေါ် ယုံကြည်နိုင်စရာ အားနည်းတာကြောင့် ငြင်းပယ်ခဲ့ကြောင်းကိုလည်း ပြောဆို သွားခဲ့ ပါတယ် ။

ဒါ့အပြင် ဒီလော်ရန်းတစ် က နာပိုလီ ဟာ အသင်းမှာ နှစ်ပေါင်းများစွာ ကစားပေးခဲ့တဲ့ တိုက်စစ်မှူးကြီး ဒရိုင်းမာတင် နဲ့ လမ်းခွဲတော့မှာ ဖြစ်ပြီး မကြာခင်မှာ မာတင် ဟာ အသင်းသစ်ကို ရှာဖွေ ရတော့မယ်လို့လည်း ထည့်သွင်း ပြောဆို သွားခဲ့ ပါတယ် ။

ဒေးဗစ် အော့စပီနာ နဲ့ ပီပီရေနာ တို့လို ဝါရင့် ဂိုးသမား ၂ ယောက်စလုံး ထွက်ခွာသွားတဲ့ နာပိုလီ ဟာ ချဲလ်ဆီး က ရှင်းထုတ်ဖို့ စိတ်ကူးနေတဲ့ ဂိုးသမား ကီပါ အရစ်ဇာဘလာဟာ ကို အငှား + အပြီးသတ် ဝယ်ယူခွင့် နဲ့ ကမ်းလှမ်းဖို့ စိတ်ကူးနေတယ်လို့ အီတလီ သတင်းတွေက ဖော်ပြလာခဲ့ ပါတယ် ။

ပြင်သစ် ကလပ် ရင်းနစ် အသင်း ရဲ့ လူငယ် တိုက်စစ်သမားလေး Mathys Tel ကတော့ ဘိုင်ယန်မြုးနစ် ကို ပြောင်းရွှေ့ဖို့ သေချာ သွားခဲ့ပါပြီ ။ ဂျာမန် ကလပ် ဟာ ၁၇ နှစ်သားလေး အတွက် ယူရို သန်း ၂၀ ပေးချေ ရမှာ ဖြစ်ကာ နောက်ထပ် ၈ သန်းခွဲ ကိုလည်း အပိုဆုကြေး အဖြစ် ထည့်သွင်း ချုပ်ဆိုမယ်လို့ သိရပါတယ် ။

အာဆင်နယ် အသင်းကတော့ နူနို တာဗာရက်စ် ရဲ့ အနာဂါတ် ကို လာမယ့် အပတ်ထဲမှာ ဆုံးဖြတ်ချက် ချသွားမယ်လို့ သိရှိရ ပါတယ် ။

အက်စ်ပန်ညို အသင်း ကနေ ထွက်ခွာ လာတဲ့ ဝါရင့် ကွင်းလယ် ကစားသမား ဒေးဗစ် လိုပက်ဇ် ကတော့ လာလီဂါ ကို တန်းတက်လာတဲ့ ဂီရိုနာ အသင်းထံ ပြောင်းရွှေ့ သွားဖို့ ရှိနေပြီလို့ သိရပါတယ် ။

အခုထိ တိကျပြတ်သားတဲ့ အဖြေမထွက်ပေါ် သေးတဲ့ ဂျူးလ်ကွန်ဒေး ရဲ့ အပြောင်းအရွှေ့ အခြေအနေ မှာတော့ ဆီဗီးလား နဲ့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိထားပြီး စာရွက်စာတမ်းတွေ ပေးပို့ထားတဲ့ ချဲလ်ဆီး ဟာ ကြာသပတေး ၊ သောကြာ နဲ့ စနေ ၃ ညတိုင်အောင် စောင့်ဆိုင်း နေခဲ့ရမှုအပေါ် မပျော်မရွှင် ဖြစ်နေခဲ့တယ်လို့ ကြားသိရ ပါတယ် ။

ကတ်တလန် သတင်း အချို့ ကတော့ ချဲလ်ဆီး ဟာ ကွန်ဒေး အတွက် ပြောင်းရွှေ့ကြေးကို ၄ ရစ် ပေးချေဖို့ ကမ်းလှမ်းထားပြီး ဘာစီလိုနာ က ၂ ရစ်နဲ့ အပြီးသတ် ပေးချေဖို့ ကမ်းလှမ်းခဲ့တယ်လို့ ဖော်ပြလာပါတယ် ။

ဒါပေမယ့် အခုချိန်အထိ ဘာစီလိုနာ ဘက်က တရားဝင် ကမ်းလှမ်းမှု မပြုလုပ်ရ သေးပါဘူး ။

ချဲလ်ဆီး ရော ဘာစီလိုနာ ပါ ဒီကနေ့ နံနက် မှာ ခြေစမ်းပွဲတွေ ကစားဖို့ ရှိနေကြပြီး အဆိုပါ ပွဲတွေ အပြီးမှာ ချဲလ်ဆီး ပိုင်ရှင် ဘိုလီ ၊ ဘာဆာ နည်းပြ ဇာဗီ တို့ဟာ ကွန်ဒေး ကို ရယူနိုင်ဖို့ အပြိုင် အားစိုက်သွားကြဖွယ် ရှိတယ်လို့လည်း ဖော်ပြ လာခဲ့ပါတယ် ။
စီးရီးအေ က မီလန် ၂ သင်း နဲ့ ရိုးမား တို့ဟာ မနေ့က ခြေစမ်းပွဲတွေ ကစားခဲ့ကြပြီး ဘယ်သူမှ အနိုင် မရခဲ့ကြ ပါဘူး ။

ချန်ပီယံ အေစီမီလန် ဟာ ဟန်ဂေရီ ကလပ် ZTE ကို ၃-၂ နဲ့ ရှုံးခဲ့ပြီး အင်တာမီလန် ကလည်း ပြင်သစ် ကလပ် လန်းစ် အသင်းကို ၁-၀ နဲ့ အရေးနိမ့်သွားခဲ့ ပါတယ် ။

မော်ရင်ဟို ရဲ့ ရိုးမား ကတော့ နိုက်စ် အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့ပြီး အတ္တလန်တာ ကတော့ စီးရီးဘီ ကလပ် ကိုမို အသင်းကို ၄-၀ နဲ့ အနိုင် ရရှိသွားခဲ့ ပါတယ် ။

ယမန်နေ့ ညက ကစားသွားခဲ့တဲ့ အမျိုးသမီး ယူရို ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် ပွဲစဉ်မှာတော့ ပြင်သစ် အသင်းဟာ နယ်သာလန် အသင်းကို အချိန်ပိုထိ ကစားခဲ့ပြီး ၁-၀ နဲ့ အနိုင် ရရှိကာ ဆီမီးဖိုင်နယ် ကို တက်လှမ်း သွားနိုင်ခဲ့ ပါတယ် ။

ဆီမီးဖိုင်နယ် ပွဲစဉ်တွေမှာတော့ အိမ်ရှင် အင်္ဂလန် နဲ့ ဆွီဒင် ၊ ပြင်သစ် နဲ့ ဂျာမနီ တို့ ရင်ဆိုင် ကစားသွားကြ မှာပဲ ဖြစ်ပါတယ် ခင်ဗျာ . . . . . ။

 

SPORTS MYANMAR