လီဗာပူးမှာ အောက်စလိတ်ချိန်ဘာလိန်ရဲ့ အနာဂတ် နဲ့ ဂျိုးဂိုးမက် နာဘီကီတာ တို့ရဲ့ စာချုပ်သစ် အခြေအနေများ

မိုဟာမက်ဆာလားရဲ့ အနာဂတ်နဲ့ ပက်သက်တဲ့ သတင်းတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက တစ်ပတ် ပေါင် ၃ သိန်းခွဲတန် ၃ နှစ် စာချုပ်သစ်ကို ချုပ်ဆိုခဲ့ခြင်းနဲ့ အတူ အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် လီဗာပူးရဲ့ တိုက်စစ်ပိုင်းဟာ မာနေး ထွက်သွားခဲ့ပေမယ့်လည်း ဒါ၀င်နူးနက် ဆာလား ဂျိုတာ ဖာမီနို လူး၀စ်ဒီယက် တို့နဲ့ အတူ အကောင်းဆုံး အနေအထားမှာ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လီဗာပူး ပရိတ်သတ်တွေ အနေနဲ့ ဒီနွေရာသီမှာ ကွင်းလယ်ကစားသမားသစ် ထပ်ပြီး ခေါ်ယူအုံးမှာလား? ချိန်ဘာလိန်ရဲ့ အနာဂတ် နဲ့ ဂျိုးဂိုးမက်ဇ် ၊ နာဘီကီတာ တို့ကို စာချုပ်သစ် ချုပ်ဆိုဖို့ လုပ်ဆောင်နေတဲ့ ကိစ္စတွေကိုတော့ သိချင်နေဆဲ ဖြစ်ပါတယ်။ လီဗာပူး သတင်းထောက် တစ်ဦး ဖြစ်သူ ဂျိမ်းစ်ပီယာ့ဟာ ဒီကိစ္စတွေနဲ့ ပက်သက်ပြီး ပရိတ်သတ်တွေရဲ့ မေးမြန်းမှုကို ယခုလို ဖြေကြားပေးခဲ့ပါတယ်။

ကွင်းလယ်ကစားသမားသစ် ခေါ်ယူဖို့ ရှိသလားဆိုတဲ့ မေးခွန်းအပေါ် “အပြောင်းအရွေ့ စျေးကွက်ဟာ ၂ လလောက် ကျန်နေပါသေးတယ်။ လီဗာပူးမှာ ကစားသမား အ၀င် မရှိတော့ဘူးလို့ ဘယ်သူမှ သေချာပေါက် မပြောနိုင်ပါဘူး။ ဒါပေမယ့်လည်း အန်ဖီးရဲ့ တာ၀န်ရှိသူတွေရဲ့ လက်ရှိ အနေအထား အရ သူတို့ဟာ နောက်ထပ် ကစားသမား ခေါ်ယူဖို့တော့ မရှိနိုင်ပါဘူး။

ကလော့ဟာ လက်ရှိ သူပိုင်ဆိုင်ထားတဲ့ လူစာရင်း အပေါ် ကျေနပ်မှု ရှိပါတယ်။ ကွင်းလယ်ပိုင်း အားဖြည့်မှုနဲ့ ပက်သက်တဲ့ ကိစ္စကတော့ အငြင်းပွားစရာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လီဗာပူးဟာ သူတို့ အလိုရှိတဲ့ ကစားသမားကို မှန်ကန်တဲ့ စျေးနှုန်းနဲ့ မရနိုင်ဘူးဆိုရင် ဒီကွင်းလယ်ပိုင်းကို အားဖြည့်သွားဖို့ အတွက် လာမည့် နွေရာသီထိ စောင့်ဆိုင်းသွားမှာ ဖြစ်ပါတယ်။”

ချိန်ဘာလိန်ရဲ့ အနာဂတ် အပေါ် ဂျိမ်းပီယာ့က “အောက်စလိတ်ချိန်ဘာလိန် နဲ့ ပက်သက်ပြီး ပြောရမယ်ဆိုရင်တော့ လီဗာပူးဟာ သူ့အတွက် လက်ခံနိုင်စရာ ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့မယ် ဆိုရင် ဒါမှမဟုတ် ချိန်ဘာလိန် ဘက်က ပုံမှန် ကစားခွင့် ရချင်တဲ့ အတွက် အသင်းပြောင်းဖို့ အလိုရှိခဲ့မယ်ဆိုရင် ကလပ်ဘက်က အသာတကြည်ပဲ ခွင့်ပြုပေးသွားမှာ ဖြစ်ပါတယ်။ အသင်းနဲ့ စာချုပ် ၁ နှစ်သာ ကျန်တော့တဲ့ အသက် ၂၈ နှစ်အရွယ် ကစားသမား အတွက် လီဗာပူးဟာ ပေါင် ၁၀ သန်း ပတ်၀န်းကျင် သတ်မှတ်ထားပါတယ်။

ချန်ဘာလိန်ဟာ ပြီးခဲ့တဲ့ရာသီရဲ့ နောက်ဆုံးလပိုင်းတွေမှာ တကယ့်ကို ခက်ခဲတဲ့ အခြေအနေနဲ့ ကြုံတွေ့ခဲ့ရပြီး အသင်းရဲ့ လူစာရင်းမှာတောင် မပါ၀င်နိုင်ခဲ့တဲ့ ပွဲစဉ်တွေ များပြားခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီမတိုင်မီမှာတော့ အသင်းအတွက် အကျိုးပြုမှုတွေ ရှိခဲ့ပြီး အထူးသဖြင့် အာဖရိကဖလား ကျင်းပနေတဲ့ ကာလအတွင်း ၎င်းရဲ့ စွမ်းဆောင်ပေးခဲ့မှုကို မေ့ထားဖို့ မသင့်ပါဘူး။ ချိန်ဘာလိန်ဟာ ၂၀၂၁-၂၂ ရာသီမှာ အသင်းအတွက် ၂၉ ပွဲ ကစားခွင့်ရခဲ့ပြီး ဒီနွေရာသီမှာ ကလပ်ကနေ ထွက်ခွာဖို့ မလုပ်ခဲ့ဘူးဆိုရင် ကလပ်ရဲ့ squad player အဖြစ် ဆက်ရှိနေအုံးမှာ ဖြစ်ပါတယ်။” လို့ ပြောခဲ့ပါတယ်။

ဂိုးမက်ဇ်နဲ့ နာဘီကီတာ တို့ကို စာချုပ်သစ် ချုပ်ဆိုဖို့ လုပ်နေတဲ့ ကိစ္စအပေါ် “ဂျိုးဂိုးမက်ဇ် အနေနဲ့ ကလပ်မှာ ဆက်ရှိကာ စာချုပ်သစ်ကို ချုပ်ဆိုသွားမယ်လို့ လီဗာပူး ဘက်က မျှော်လင့်နေပါတယ်။ အသက် ၂၅ နှစ် အရွယ် ကစားသမားရဲ့ လက်ရှိစာချုပ်ဟာ ၂၀၂၄ မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ကိုနာတေးရဲ့ စွမ်းဆောင်မှုတွေ နဲ့ မာတစ်ရဲ့ ပြန်လည် နိုးထလာမှုတွေဟာ ဂိုးမက်ဇ်ကို ပွဲကစားခွင့်တွေ နည်းပါးသွားစေခဲ့ပါတယ်။ ဂိုးမက်ဇ်ဟာ ၂၀၂၁-၂၂ ရာသီမှာ လိဂ်ပွဲစဉ် ၄ ပွဲသာ ပွဲထွက်ခွင့် ရခဲ့ပေမယ့် ၎င်းဆီမှာ အသင်းကို အကျိုးပြုနိုင်တဲ့ များပြားတဲ့ အရည်အသွေးတွေ ရှိနေဆဲ ဖြစ်ပါတယ်။

လီဗာပူး အသင်း ဘက်ကတော့ ဂိုးမက်ဇ် အနေနဲ့ ပုံမှန် ပွဲကစားခွင့် ရချင်တယ် ဆိုတာကို သိနေပါတယ်။ ဒါပေမယ့်လည်း ၎င်းကို ရောင်းထုတ်သွားဖို့ အတွက် ဆိုရင်တော့ လီဗာပူး အနေနဲ့ အရမ်းကို ကောင်းလှတဲ့ ကမ်းလှမ်းမှုကို ရရှိမှာသာ ဖြစ်နိုင်ခြေ ရှိနေပါတယ်။”

“လီဗာပူးဟာ နာဘီကီတာကို စာချုပ်သစ် ချုပ်ဆိုနိ်ုင်ဖို့ အတွက် လုပ်ဆောင်နေပြီး ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ ပရိတ်သတ်တွေကြားမှာ ကီတာနဲ့ ပက်သက်ပြီး အမြင်တွေ ကွဲပြားခြားနားနေပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီ ဒုတိယပိုင်းမှာ ကီတာဟာ အကောင်းဆုံး လုပ်ပေးခဲ့ပါတယ်။ ၎င်းရဲ့ ဒဏ်ရာပြသနာ မှတ်တမ်းကတော့ စိတ်ပျက်စရာ ဆိုတာ အမှန်ပါပဲ။ ကီတာဟာ ဒီအပိုင်းမှာ ကံမကောင်းမှုတွေ ရှိနေခဲ့ပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ရာသီက ကီတာဟာ ပြိုင်ပွဲစုံမှာ ပွဲ ၄၀ ထိ ကစားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကလော့ဟာ ၎င်းကို ဆက်လက် ယုံကြည်နေဆဲ ဖြစ်ပြီး စာချုပ်သစ်ဟာ အသက် ၂၇ နှစ်အရွယ် ကစားသမားရဲ့ တန်ဖိုးကို protect လုပ်ထားသလို ဖြစ်မှာပါ။ မဟုတ်ဘူးဆိုရင် လီဗာပူး အနေနဲ့ ၂၀၂၃ မှာ သူတို့ ပေါင် ၅၂.၇၅ သန်းနဲ့ ခေါ်ယူထားခဲ့တဲ့ ကစားသမားကို free agent အနေနဲ့ လက်လွှတ်သွားရမယ့် အန္တရာယ် ရှိနေပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM