လစာ အများကြီး ယူထားတဲ့ သက်ကြီးကစားသမားတွေက အသင်းကို “ပြန်သတ်သလို” ဖြစ်နေခဲ့တယ် လို့ ပြောချလိုက်တဲ့ အဒူး

အာဆင်နယ် အသင်းရဲ့ နည်းစနစ် ဒါရိုတ်တာ အဒူးက ပြီးခဲ့တဲ့ ကာလ တစ်ခုအတွင်း ဘာကြောင့် အသက်ရွယ်ရ ဘောလုံးကြီးတွေကို သစ်စိမ်းချိုး ချိုးပြီး လမ်းခွဲလိုက်ရတယ် ဆိုတဲ့ အကြောင်းအရင်းတွေကို စတင် ဖွင့်ဟ လာခဲ့ပါပြီ။

ပုံမှန် အားဖြင့်တော့ အသင်းရဲ့ ပုံရိပ် အပေါ် ထိခိုက်မှာ စိုးရိမ်ကြတဲ့ အတွက် ၊ ထိပ်တန်းရာထူး ရယူထားတဲ့ ဝန်ထမ်းတွေဟာ ဒီလို စကားမျိုးတွေ ပြောထွက်လေ့ မရှိပါဘူး။ သို့သော် အဒူး ကတော့ လစာ အများကြီး ယူထားတဲ့ သက်ကြီး ကစားသမားတွေဟာ အသင်းကို “သတ်နေခဲ့တာ” လို့တောင် သုံးနှုန်းသွားခဲ့ ပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေ အတွင်းမှာ အာဆင်နယ် ဟာ စီနီယာ ကစာသမားကြီး အများစု ကို ပုံစံမျိုးစုံ နဲ့ လမ်းခွဲခဲ့သလို ၊ အိုဇေး ၊ အူဘာမီးယန်း တို့ ထွက်သွားတဲ့ သတင်းတွေကတော့ မီဒီယာ သမားတွေရဲ့ စာမျက်နှာထက်မှာ ဟိုးလေး တကျော်ကျော် ဖြစ်ခဲ့ပါတယ်။

အဲဒီလို လမ်းခွဲတဲ့ နေရာမှာ ပြောင်းရွှေ့ကြေး ပြန်ရတယ် ဆိုတာမျိုးတောင် မရှိခဲ့ပါဘူး။

ရာသီအကြို ပြင်ဆင်မှု ခရီးစဉ် အဖြစ် အသင်းနဲ့ အတူ အမေရိကား ကို ရောက်ရှိနေချိန်မှာ ၊ အဒူး က သတင်းထောက်တွေကို အခုလို စတင် ရှင်းပြ လာခဲ့ ပါတယ်။

“ ကစားသမား တစ်ယောက် က အသက် 26 နှစ် ကျော်နေပြီ ၊ လစာလဲ အများကြီး ပေးထားရပြီး ၊ စွမ်းဆောင်ရည်ကောင်း မပြနိုင်ဘူး ဆိုရင်တော့ ၊ သူဟာ အသင်းကို ပြန်ပြီး သတ်နေတဲ့ ဘောလုံးသမားမျိုးပါပဲ။

ဘာလို့လဲ ဆိုတော့ ကလပ် အနေနဲ့ သူ့ကို ပြန်ရောင်းမယ် ဆိုရင်တောင် ဈေးကွက်တန်ဖိုးက ဘာမှ မရှိတော့ပါဘူး။

ဘောလုံးသမားတွေ က အာဆင်နယ် မှာ ကစားတယ် ၊ လန်ဒန်မှာ နေရတယ် ၊ ပတ်ဝန်းကျင် အားလုံးက ကောင်းမွန်ပြီးသား ဆိုတော့ ၊ သာသာယာယာတွေ ဖြစ်နေကြတာပါ။ ပြီးတော့ လစာ ကလဲ အမိုက်စားပါပဲ။ အဲဒီလို ဘောလုံးသမားမျိုးကို ဘယ်လိုလုပ်ပြီး ရောင်းထွက်နိုင်မလဲဗျာ။

ကျနော်တို့ အသင်းမှာ အဲဒီလို ကစားသမားမျိုးတွေ ဘယ်လောက်အထိ ရှိခဲ့လဲ ပြန်ကြည့်လိုက်ပါ။ 80% လောက်တောင် ရှိပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကာလ တစ်ခုအတွင်း အာဆင်နယ် ဟာ အိုဇေး ၊ အူဘာမီးယန်း ၊ မစ်ခီတာရန် ၊ ဆိုကရက်တစ် ၊ မူစတာဖီ ၊ ကိုလာစီနက် ၊ ဝီလီယံ တို့ရဲ့ စာချုပ်တွေကို ဖျက်သိမ်းပစ်ခဲ့ပါတယ်။ အဲဒီ ကစားသမားတွေဟာ ပုံမှန် စွမ်းဆောင်ရည်မျိုး မရှိတဲ့ အတွက် ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ အသင်းတောင် ပေါ်ထွက်ခဲ့ခြင်း မရှိပါဘူး။

အဒူး ကတော့ အဲဒီလို စာချုပ် ဖျက်သိမ်းလိုက်တဲ့ လုပ်ရပ်ဟာ “လက်တွေ့ ဆန်တယ်” လို့ အခိုင်အမာ ဆိုလိုက်ပြီး ၊ အခြား ကစားသမားတွေ အတွက် လမ်းကြောင်း ပွင့်သွားတယ်လို့ ရှင်းပြသွားပြန်ပါတယ်။

“ အဝတ်လဲခန်း အတွင်းမှာ ပြသနာတွေ ထပ်ပြီး မရှည်ကြာအောင် ကြိုးစားရတဲ့ အချိန်မျိုးမှာ ၊ ဒါတွေကို ဖယ်ထုတ်ပစ်ရတာပါပဲ။ လျော်ကြေးပေးပြီး ဖျက်သိမ်းရတာ စိတ်မကောင်းပေမယ့် ၊ ဒီလို ပုံစံ နဲ့ လမ်းခွဲတာ ပိုကောင်းပါတယ်။ ဘာလို့လဲ ဆိုတော့ ဒီလူတွေက တစ်ခါတလေမှာ သူများရဲ့ တိုးတက်မယ့် လမ်းကြောင်းတွေကို ကာဆီး ကာဆီး ဖြစ်နေတာပါ။

ဒီလို လုပ်မှ ရမယ် ဆိုပြီး ဘုတ်အဖွဲ့ကို တင်ပြတဲ့ အခါမျိုးမှာ တော်တော်ကြီး အံ့အားသင့်နေခဲ့ကြတာ ကျနော် သိပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ ကစားသမားတစ်ယောက်ကို ထိန်းထားရတာထက် ၊ ပိုက်ဆံပေးပြီး ထွက်ခိုင်းလိုက်တာ ပိုကောင်းပါတယ် ၊ ဒါမျိုးကို ကျနော်က “ရင်းနှီးမြုပ်နှံမှု တစ်ခု” လို့ ရှုမြင်ပါတယ်။

လူတစ်ချို့ကတော့ “ကုန်ကျစာရိတ်ကြီးတယ်” ဆိုပြိး ပြောကြာမှာပေါ့။ ဒါပေမယ့် ကျနော် က “ရင်းနှီးမြုပ်နှံတယ်” လို့ ပြန်ပြောတာပါ။ သူတို့ ထွက်သွားရင် နောက်လူငယ်လေးတွေ ကစားခွင့် ပိုရပါတယ်။

ကစားသမား တစ်ယောက် ဟာ 26-27 နှစ် လောက်ရှိနေပြီ ၊ လစာပေးရတာများပြီး ၊ စွမ်းဆောင်ရည် မရှိဘူး ဆိုရင် သူတို့ အတွက် အခွင့်အလမ်း ဆိုတာ မရှိပါဘူး” ပြန်လည် ရှင်းပြသွားခဲ့ ပါတယ်။

အာဆင်နယ် ဟာ အဲဒီ မူဝါဒတွေ ကို ဆွဲကိုင်းပြီး ရှေ့ဆက်လာခဲ့တာ ၊ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဆိုရင် ပရီးမီးယားလိဂ် ရဲ့ အသက်အငယ်ဆုံး ကစားသမား စာရင်းကိုတောင် ပိုင်ဆိုင်ထားခဲ့ပါတယ်။

လက်ရှိ ရာသီအကြို ပြင်ဆင်မှုမှာလဲ ခြေစမ်းပွဲ 4 ပွဲ စလုံးကို အနိုင်ယူပြထားကာ ၊ လန်ဒန် ပြိုင်ဘက် ချဲဆီးကိုတောင် ဂိုးပြတ်သွင်းပေးထားပါတယ်။

SM