ရော်နယ်ဒိုသာ ချဲလ်ဆီးကို ပြောင်းလာခဲ့မယ်ဆိုရင် လူကာကူ ထက်တောင် ပိုဆိုးတဲ့ ခေါ်ယူမှု ဖြစ်သွားလိမ့်မယ်လို့ ဆိုလိုက်တဲ့ ပက်နီဗင်

ချဲလ်ဆီး တောင်ပံ ကစားသမားဟောင်း ဖြစ်သူ ပက်နီဗင်က ခရစ်စတီယာနိုရော်နယ်ဒို အနေနဲ့ ချဲလ်ဆီးမှာ ရိုမီလူလူကာကူ ထက်တောင် အသင်း အတွက် ပိုမို အကျိုးမရှိတဲ့ ကစားသမား ဖြစ်လာနိုင်တယ်လို့ ဆိုလိုက်ပါတယ်။ လူကာကူဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက အင်တာမီလန် ကနေ ချဲလ်ဆီးကို ကလပ်စံချိန်တင် ပြောင်းရွေ့ကြေး ပေါင် ၉၇.၅ သန်းနဲ့ ပြန်လည် ပြောင်းရွေ့လာခဲ့ပေမယ့်လည်း စတန်းဖို့ဒ်ဘရစ်ခ်ျမှာ အတော်လေး ရုန်းကန်ခဲ့ရပြီး ၂၀၂၁-၂၂ ရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၈ ဂိုးသာ ရရှိခဲ့ပါတယ်။

အသက် ၂၉ နှစ် အရွယ် ကစားသမားဟာ နည်းပြ သောမတ်တူချယ်နဲ့ ဆက်ဆံရေး အဆင်မပြေခဲ့တဲ့ အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာလက sky italia နဲ့ လုပ်ခဲ့တဲ့ အင်တာဗျူး အစီအစဉ်မှာ စတန်းဖို့ဒ်ဘရစ်ခ်ျကို ပြောင်းလာခဲ့တဲ့ အတွက် နောင်တရနေတဲ့ ပုံစံမျိုးနဲ့ ပြောဆိုခဲ့တဲ့ အတွက် အသင်း ပရိတ်သတ်တွေရဲ့ စိတ်ပျက်မှုတွေကို ခံခဲ့ရပါတယ်။ လက်ရှိမှာတော့ လူကာကူဟာ အင်တာကို အငှားစာချုပ်နဲ့ ပြန်လည် ပြောင်းရွေ့သွားခဲ့ပြီ ဖြစ်ကာ ချဲလ်ဆီး ဘက်ကတော့ အီတလီ ကလပ် အနေနဲ့ အငှားစာချုပ် ကုန်ချိန်မှာ ဘယ်ဂျီယံစတားကို အပြီးသတ် ခေါ်ယူဖို့ မျှော်လင့်နေပါတယ်။

တစ်ချိန်တည်းမှာပဲ ချဲလ်ဆီးဟာ ချန်ပီယံလိဂ် ၀င်ခွင့် မရခဲ့တာကြောင့် မန်ယူနိုက်တက် ကနေ ထွက်ခွာဖို့ ကြိုးစားနေတဲ့ ရော်နယ်ဒိုကို ခေါ်ယူနိုင်ဖွယ် ရှိနေတယ် ဆိုတဲ့ သတင်းတွေက ဆက်လက် ထွက်ပေါ်လျက် ရှိနေပါတယ်။ နဗင် ကတော့ သူ့ရဲ့ အသင်းဟောင်း အနေနဲ့ ရော်နယ်ဒိုကို လက်ရှောင်သွားရန် တိုက်တွန်း သွားခဲ့ပြီး ပေါ်တူဂီ စတားဟာ ချဲလ်ဆီးကို ဆပ်ကပ်ပွဲ တစ်ခုလို ဆူညံသွားစေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

နဗင်က “ကျွန်တော် ကတော့ ရော်နယ်ဒိုဟာ ချဲလ်ဆီး အတွက် လူကာကူထက် ပိုမို ဆိုးရွားတဲ့ ကစားသမား ခေါ်ယူမှု ဖြစ်သွားလိမ့်မယ်လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ချဲလ်ဆီးတို့ လူကာကူကို ခေါ်ယူလိုက်တဲ့ အချိန်မှာ လူတွေက သူဟာ ချဲလ်ဆီးတို့ ပျောက်ဆုံးနေတဲ့ နောက်ဆုံး အစိတ်အပိုင်း ဆိုပြီး ပြောဆိုခဲ့ကြပါတယ်။ ဒါပေမယ့်လည်း သူ့ကို ခေါ်ယူလိုက်တဲ့ အတွက် သောမတ်တူချယ်ဟာ သူ့ရဲ့ ကစားဟန်ကို လုံး၀ ပစ်ပယ်ခဲ့ရပါတယ်။ အကယ်လို့များ သူဟာ သောမတ်တူချယ် လိုလိုချင်ချင် ခေါ်ယူခဲ့တဲ့ ကစားသမား ဆိုရင်တော့ ဒါဟာ လုံး၀ အဓိပ္ပာယ် မရှိတဲ့ ခေါ်ယူမှု ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ အသင်း အတွက် ဂိုးတွေ အများကြီး သွင်းယူပေးနိုင်မယ့်သူ ဖြစ်ပေမယ့်လည်း အသင်းက ဘောလုံး မရှိတဲ့ အချိန်မှာတော့ လူ ၁၀ ယောက်နဲ့ ကစားနေရသလို ဖြစ်နေမှာပါ။ ပရီးမီးယားလိဂ် ပြိုင်ဆိုင်မှု ပြင်းထန်လှတဲ့ လိဂ်မှာ ဒီလို လုပ်သွားဖို့ မဖြစ်နိုင်ပါဘူး။

ချဲလ်ဆီး ပရိတ်သတ် တစ်ချို့ ကတော့ သူ့ကို ခေါ်ယူလိုက်မယ် ဆိုရင် ပျော်ရွှင်နေကြမှာပါ။ ဒါပေမယ့် ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေတုန်းက ဆပ်ကပ်ပွဲ တစ်ခုလို ဆူညံပွက်လောရိုက်ခဲ့တဲ့ ကိစ္စ တစ်ချို့ ရှိခဲ့ဖူးပါတယ်။

အကယ်၍ သူတို့ဟာ မန်စီးတီး ကို လိုက်မှီချင်တယ် ဆိုရင် ဆပ်ကပ်ပွဲလို ဖြစ်နေလို့ မရပါဘူး။ သူဟာ ချဲလ်ဆီးကို ပြောင်းလာခဲ့မယ် ဆိုရင် နည်းပြ အနေနဲ့ သူ့ကို ပွဲတိုင်း ပေးကစားသွားမှာ မဟုတ်ဘူး ဆိုတာကို ပြောကို ပြောရပါမယ်။ တစ်ချို့ ပွဲစဉ်တွေမှာ လူစား၀င် ကစားသမား ကစားခိုင်းသွားရမယ့် အပြင် အသင်း အတွက် အလုပ်လုပ်အောင်လည်း ပြောသွားရမှာပါ။ အကယ်၍ သူသာ ဒီလို လုပ်နိုင်ခဲ့မယ် ဆိုရင်တော့ ကလပ် အတွက် အရမ်းကောင်းတဲ့ ခေါ်ယူမှု ဖြစ်လာနိုင်ပါတယ်။” လို့ သုံးသပ်ခဲ့ပါတယ်။

sm